နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ်လ ၂၉ ရက်

တကွဲတပြားစီ တော်လှန်လှုပ်ရှားနေကြသော အဖိနှိပ်ခံ လူမျိုးပေါင်းစုံ၊ လူတန်းစား အလွှာ အသီးသီးကြားတွင် နိုင်ငံရေး၊ စစ်ရေးအရ ခိုင်မာညီညွတ်မှုရှိသော တပ်ပေါင်းစု တစ်ရပ်ဖွဲ့စည်းရန် လိုအပ်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရှစ် ဖွဲ့မှ အကြံပြုတို က်တွန်းထားသည်။

အာဏာသိမ်း စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေး အဖွဲ့ ရှစ် ဖွဲ့သည် ယမန်နေ့ မတ်လ ၂၈ ရက်က ကျရောက်သော လူထုတော်လှန်ရေး မဟာမိတ်အင်အားစု PRA (မကွေး) တည်ထောင်ခြင်း (၂)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် ပူးတွဲသဘောထား ထုတ်ပြန်၍ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

“တပ်ပေါင်းစုဖြစ်ဖို့ဆိုတာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ယုံကြည်မှု၊ နားလည်မှု၊ ရိုးသားမှုရှိဖို့ လိုတယ်။ အဲဒါတွေအတွက်က အချိန်ကာလတစ်ခု လိုတယ်ကြောင့်မို့ အချို့ကိစ္စတွေ ကြာနေရ တာဖြစ်တယ်။ တပ်ပေါင်းစုတွေက ခိုင်မာကျစ်လစ်စွာ ပေါ်ပေါက်လာဖို့ အမှန်တကယ် လိုအပ်တယ်ပေါ့။ အဲဒါမှ လက်တွေ့မြေပြင်မှာ ကျစ်ကျစ်လစ်လစ်နဲ့ အတူတကွ စစ်တိုက်နိုင်မှာ ဖြစ်တယ်” ဟု ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIO/PIA) တာဝန်ခံ ကိုမိုးနေလက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တပ်ပေါင်းစု ရှစ် ဖွဲ့တွင် လူထုတော်လှန်ရေး မဟာမိတ်အင်အားစု PRA မကွေး၊ ပြည်သူ့လွတ်လပ်ရေးတပ်တော်၊ ကျောင်းသားလက်ရုံးတပ်တော်၊ အရှိုချင်း ကာကွယ်ရေးတပ်၊ မိုးကြိုးပြောက်ကျားတပ်ဖွဲ့၊ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့၊ ပြည်သူ့ တော်လှန်ရေးအင်အားစုနှင့် ချင်းကာကွယ်ရေးတပ်(အရှို)တို့ ပါဝင်သည်။

“အရင်ကတော့ တဖွဲ့ချင်းစီအလိုက် စုဖွဲ့ တော်လှန်ကြတယ်။ ဒီထက် ထိရောက်ဖို့ လိုအပ် လာတဲ့အခါမှာ ထုအလိုက်၊ ဒေသလိုက် တပ်ပေါင်းစုအသွင်သဏ္ဍာန် ပေါ်ပေါက်ဖို့လို ကြောင်း သဘောပေါက်ခဲ့တာက ကြာပါပြီ။ တပ်ပေါင်းစု စုဖွဲ့ခြင်းဆိုတာ တော်လှန်ရေးရဲ့ အရေးအကြီးဆုံး လက္ခဏာတရပ် ဖြစ်ပါတယ်။ အဓိကကတော့ လက်ရှိအခင်း အကျင်းမှာ အထိရောက်ဆုံးဖြစ်ဖို့၊ ဟန်ချက်ညီညီ လှုပ်ရှားနိုင်ဖို့အတွက် တော်လှန်ရေး အင်အားတွေ စနစ်တကျ စုစည်းမိကြဖို့လိုပါတယ်” ဟု PRA မကွေးမှ နိုင်ငံရေးမှူး နောင်သူရိန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

နှစ်ပေါင်း (၇၀)ကျော်ကြာ ပြည်သူ့ဘဏ္ဍာငွေဖြင့် စနစ်တကျ တည်ဆောက်ခဲ့သည့် အာဏာသိမ်း စစ်ကောင်စီကို လူမျိုးစုတစ်ခုအလိုက်၊ တစ်စုတစ်ဖွဲ့အလိုက် ရင်ဆိုင် တိုက်ခိုက်ရန်မှာ မလွယ်ကူသော ကိစ္စတစ်ခုဖြစ်ပြီး ထိုသို့ သီးခြားတော်လှန်နေ မည်ဆိုပါက အောင်ပွဲရရန် ဝေးနေဦးမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

“တော်လှန်ရေး အစုအဖွဲ့တွေမှာက နိုင်ငံရေး ရည်မှန်းချက်တွေ အသီးသီးရှိကြတယ်။ တော်လှန်ရေးကာလ အတွင်းမှာတော့ သဘောထားတွေ ညှိနှိုင်းတဲ့အခါမှာ အခြေခံ သဘောတူညီချက်တွေ ရှိရမယ်ပေါ့။ ကျွန်တော်တို့က တော်လှန်ရေး အောင်တဲ့အထိ၊ စစ်နိုင်တဲ့အထိ တိုက်ပြီးသွားကာမှ တိုင်းပြည်တည်ငြိမ်တဲ့ အချိန်ကျမှသာ ကိုယ့်ရဲ့ နိုင်ငံရေး ရပ်တည်ချက်တွေကို လုပ်ကြဖို့၊ ပြောကြဖို့ကိုလည်း ဒီလိုမျိုး ညှိနှိုင်းမှုတွေ လုပ်နေရတာပေါ့” ဟု PIO/PIA တာဝန်ခံ ကိုမိုးနေလက ပြောသည်။

အဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူများ၊ လူတန်းစားအလွှာ အသီးသီးမှကျောင်းသား၊ ပြည်သူများ၊ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ စုစည်း၍ အကျယ်ပြန့်ဆုံးသော တပ်ပေါင်းစုကြီး၏ တော်လှန်ရေးလှုပ်ရှားမှုဖြင့်သာ အာဏာသိမ်း စစ်ကောင်စီကို အောင်ပွဲရနိုင်မည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရှစ် ဖွဲ့အနေဖြင့် ယုံကြည်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

#တပ်ပေါင်းစုဖွဲ့စည်းရန် #ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ #၈ဖွဲ့ #တိုက်တွန်း #Ayeyarwaddy_Times