ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊မတ်လ ၂၉ ရက်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ကျောက်ရှပ်ရွာအနီးတွင် ကုန်ကားသမားများထံမှ ငွေကျပ် သိန်း ၅၀၀ ခန့်ကို စစ်ကောင်စီတပ်က ဓားပြတိုက်လုယူသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ မတ်လ ၂၈ ရက် နံနက် ၇ နာရီခန့်တွင် ကလိန်အောင်မြို့ဘက်မှ ထားဝယ်မြို့သို့ ထွက်ခွာလာသည့် ကုန်ကား ၁၀ စီးကို စစ်ဆေးရန်ဟုဆိုကာ ရပ်တန့်စေ၍ ကုန်ကားသမားများကို အောက်သို့ဆင်းခိုင်းကာ ကားခေါင်းခန်းများတွင် သိမ်းဆည်းထားသည့် ငွေကျပ်သိန်း ၅၀၀ ခန့်ကို ယူဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံကုန်ကားသမားများထံက သိရသည်။

“မနေ့က လက်နက်ကိုင်ထားတဲ့ စစ်တပ်(စစ်ကောင်စီတပ်)က ကျွန်တော်တို့ ကုန်ကားသမားတွေအားလုံးကို ကားပေါ်ကဆင်းခိုင်းပြီး အဖွဲ့လိုက် စစ်ကြတယ်။ ကုန်ကားသမားတွေက ငွေတွေကို ကားခေါင်းခန်းမှာ ထားထားကြတာ။ စစ်ဆေးတာလောက်ပဲဆိုတော့ ယူသွားမယ်လို့ မထင်ထားဘူး။ သူတို့စစ်ဆေးပြီးမှ ငွေတွေ အကုန်ယူသွားမှန်းသိရတာ။ ကျွန်တော့် ကားမှာဆို သူများ ပစ္စည်းမှာထားတဲ့ ငွေတွေနဲ့ ကျွန်တော်ငွေတွေ သိန်း ၆၀ လောက် ကို စစ်တပ်က ခိုးယူသွားတယ်” ဟု အသက် ၂၇ နှစ်အရွယ် ကံပေါက်ဒေသခံ ကုန်ကားသမားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်သည် ကုန်ကား ၁၂ စီးထံမှ ငွေကျပ် သိန်း ၅၀၀ ခန့်အား ယူဆောင်သွားသည်ကို တွေ့မြင်ရသော်လည်း လက်နက်ကိုင်ဆောင်ထားသောကြောင့် ပြန်လည် ပြောဆိုရဲခြင်းမရှိခဲ့ကြောင်း ကုန်းကားသမားများက ဆိုသည်။

စစ်ကောင်စီတပ်သည် ယခုကဲ့သို့ ကုန်ကားသမားများထံမှ ဓားပြတိုက် လုယူမှုများ လုပ်ဆောင် နေခြင်းကြောင့် ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် ဂရုစိုက်သွားလာကြရန် ကုန်ကားသမားများက သတိပေးစကားဆိုထားသည်။

#ရေး #ထားဝယ် #ပြည်ထောင်စုကားလမ်းမ #ကျောက်ရှပ်ရွာ #စစ်ကောင်စီတပ် #ကုန်ကား #ဓားပြတိုက် #Ayeyarwaddy_Times