ဧရာဝတီတိုင်းမ်
(တောင်ငူ)၊ မတ်လ ၂၉ ရက်
ပဲခူးတိုင်း၊ တောင်ငူမြို့မြောက်ဘက်ရှိ တောင်ငူအခြေစိုက် လေတပ်စခန်းဌာနချုပ်အား မတ်လ ၂၇ ရက်နေ့(ဖက်ဆစ်တော်လှန်ရေးနေ့)တွင် Rain of Fire စစ်ဆင်ရေးအဖြစ် KNLA၊PDF ပူးပေါင်းတပ်ဖွဲ့က ရှော့တိုက်ဒုံး ၄ လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တောင်ငူအခြေစိုက်လေတပ်စခန်းဌာနချုပ်အား ရှော့တိုက်ဒုံး ၄ လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေတပ်စခန်းအတွင်းရှိ ဆီသိုလှောင်ကန်နှင့် လေယာဉ်ဂိုထောင်အနီးကျရောပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့ကာ ရဟတ်ယာဉ်တစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်း တောင်ငူခရိုင်သတင်းပြန်ကြားရေးတာဝန်ရှိသူထံမှ သိရသည်။
“ကျွန်တော်တို့ရဲ့ တပ်တွင်းသတင်းရစ်မြစ်တွေ အရတော့ တပ်သား ၃ ယောက်သေပြီး ရဟတ်ယာဉ်ထိခိုက်မှုရှိတယ်လို့သိရတယ်။ တပ်အနီးအနားကဒေသခံတွေပြောစကားအရ တိုက်ခိုက်မှုပြီးတော့ လေတပ်စခန်းရဲ့ဆီသိုလှောင်ကန်တွေဘက်ကနေ မီးခိုးတွေထွက်လာတယ်ဆိုပြီးတော့သိရတယ်” ဟု တောင်ငူခရိုင်သတင်းပြန်ကြားရေးတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တောင်ငူလေတပ်စခန်းအားတိုက်ခိုက်ခြင်းမှာ တတိယအကြိမ်မြောက်ဖြစ်ပြီး တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ကား၊ ဆိုင်ကယ်များဖြင့် ဒိုးအင်းကျေးရွာအတွင်းသို့ ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
“တော်လှန်ရေးအရှိန်မြှင့်တင်တဲ့အချိန်မှာ ဝေဟင်စစ်ဆင်ရေးရဲ့တစ်စိတ်တစ်ပိုင်းကိုရည်ရွယ်ပြီးတော့ ကျွန်တော်တို့က လေတပ်စခန်းကို Rain of Fire စစ်ဆင်ရေးအနေနဲ့တိုက်ခိုက်ခဲ့တယ်။ တိုက်ခိုက်ခံရမှုတွေကြောင့် လေတပ်စခန်းထဲမှာ ကတုတ်ကျင်းတွေ၊ ဗုံးခိုကျင်းတွေအမြန်တူးထားကြရတယ် လို့လည်းသိရတယ်” ဟု အဆိုပါတာဝန်ရှိသူကဆက်လက်ပြောဆိုသည်။
တောင်ငူလေတပ်စခန်းဌာနချုပ်ကို မတ်လ ၂၅ ရက်နေ့ကလည်း တောင်ငူခရိုင်PDFနှင့်KNLA ပူးပေါင်းတပ်ဖွဲ့မှ ရှော့တိုက်ဒုန်း ၄ လုံးဖြင့်ပစ်ခတ်ခဲ့ရာ ဝန်ထမ်းလိုင်းခန်း၊ မြောက်ဘက်တောစပ်၊ လေယာဉ်ပြေးလမ်းနှင့် ဖြူးကန်ဘေးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း Bago Region PDFထံမှ သိရသည်။
#တောင်ငူလေတပ် #PDF #KNLA #ရှော့တိုက်ဒုံး #ရဟတ်ယာဥ်
#Ayeyarwaddy_Times