နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ်လ ၂၉ ရက်

ငြိမ်းချမ်းရေးကို အလိုလားဆုံး အဖွဲ့အစည်းမှာ စစ်တပ်ဖြစ်သည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုနေသော်လည်း ၎င်းသည် မြန်မာပြည် မငြိမ်းချမ်းရသည့် အဓိကတရားခံဖြစ်သည်ဟု CDM ဗိုလ်ကြီး ဗစ်တာက ဧရာဝတီတိုင်းမ်ကို ဖြေကြားသည်။

နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို အသက်၊ သွေး၊ ချွေးများ ပေးဆပ်၍ထမ်း ဆောင်နေသော တပ်မတော်သားများသည် ငြိမ်းချမ်းရေးကို အလိုလားဆုံး အဖွဲ့အစည်း ဖြစ်သည်ဟု ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့က ပြုလုပ်သည့် ၇၈ နှစ်မြောက် တော်လှန်ရေးနေ့တွင် အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောကြားခဲ့သည်။

ထို့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် နိုင်ငံရေး၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်သော်လည်း နိုင်ငံရေး၏ လက်နက်တစ်ခုမဟုတ်ဘဲ နိုင်ငံတည်ဆောက်ရေးနှင့် အမျိုးသားအကျိုးစီးပွါးအတွက် အဓိကဦးတည် လုပ်ဆောင်မှသာ အနာဂတ်နိုင်ငံ တည်ဆောက်ရေးကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။

“NCA(တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်) ကို တခုတ်တရ ထည့်ပြောသွားတာကို တွေ့ရတယ်။ ဗိုလ်ချုပ်မှူးကြီးဟာ NCA နဲ့ ငြိမ်းချမ်းရေးကို တွင်တွင်ပြောနေပေမယ့် မြန်မာပြည် မငြိမ်းချမ်းရတဲ့ အဓိကတရားခံက သူကိုယ်တိုင် ဖြစ်နေတယ်” ဟု CDM ဗိုလ်ကြီး ဗစ်တာက တုံ့ပြန်ပြောဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံရှိ အိမ်ခြေပေါင်း ၆၀,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့၍ ပြည်သူ ၁၇ သိန်းခန့် စစ်ဘေးရှောင် ဒုက္ခသည် ဘဝသို့ ရောက်ရှိကာ စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့များသည်လည်း ပြည်မတွင်သာမက ပြည်နယ်‌များ၌ပါ အကြမ်းဖက်ရမ်းကားနေသည်ဟု CDM ဗိုလ်ကြီးက ဆိုသည်။

“ဒီတော့ မေးချင်တာက ဘာ NCA လဲ။ ဘာ ပြည်တွင်းငြိမ်းချမ်းရေးလဲ။ စာရွက် ပေါ်မှာပဲရှိတဲ့ ငြိမ်းချမ်းရေးကို ဘယ်တိုင်းရင်းသား ပြည်သူကမှ အယုံအကြည်ရှိမှာ မဟုတ်ဘူး။ ဗိုလ်ချုပ်မှူးကြီးဟာ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းနေတယ်လို့ပဲ လူထုက နားလည်ထားတယ်။ ဒါ့ကြောင့် NCA ထိုးထားတဲ့ EAOs တွေအနေနဲ့ ဒီစာချုပ်ကို ပြန်လည်သုံးသပ်သင့်တယ်လို့ပဲ မြင်မိပါတယ်” ဟု CDM ဗိုလ်ကြီး ဗစ်တာက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ခဲ့ပြီး ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးတို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များကို ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံဆွေးနွေးနိုင်ရန် ဖိတ်ခေါ် ကမ်းလှမ်း ခဲ့ကြောင်း စစ်ကောင်စီဥက္ကဋ္ဌက ပြောကြားထားသည်။

လက်ရှိတွင် NCA လက်မှတ်ရေးထိုးပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ် ဖွဲ့နှင့် လက်မှတ်ရေးထိုးခြင်း မပြုရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံး ဖွဲ့(စုစုပေါင်း ၁၀ ဖွဲ့)တို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီ၏ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နှင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက် မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အပစ်ရပ် ခုနစ် ဖွဲ့တို့၏ အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့သည် မတ်လ ၂၈ ရက်နှင့် ၂၉ ရက်နေများတွင် နေပြည်တော်၌ တွေ့ဆုံလျှက်ရှိကြောင်းသိရသည်။

စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးလိုသည့် အဆိုပါအပစ်ရပ် ခုနစ် ဖွဲ့မှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)တို့ဖြစ်သည်။

အလားတူ စစ်ကောင်စီ၏ NSPNC နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များဖြစ်သော “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက် တစ်မဟာမိတ်အဖွဲ့ (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တို့သည် ပြီးခဲ့သည့် မတ်လ ၂၂ ရက်မှ ၂၃ ရက်နေ့အထိ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

#ငြိမ်းချမ်းရေး #စစ်တပ် #စစ်ခေါင်းဆောင် #တရားခံ #CDMဗိုလ်ကြီး #တုံ့ပြန် #Ayeyarwaddy_Times