ဧရာဝတီတိုင်းမ်
မတ်လ ၂၉ ရက်
မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအတွင်းတွင် မတ်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေအထိ ၃ ရက်အတွင်း စစ်ကောင်စီတပ်မှ အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူ ခုနစ် ဦး သေဆုံးခဲ့ကြောင်း သိရသည်။
စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်များဖြစ်သည့် ရေးမြို့နယ်၊ ပုလောမြို့နယ်နှင့် တနင်္သာရီမြို့များအပြင် ကေအဲန်ယူအုပ်ချုပ်နယ်မြေ တပ်မဟာ (၁) ဒေသအတွင်းရှိ ဘီးလင်းမြို့နယ်တို့မှ လမ်းသွားလမ်းလာ ပြည်သူ ခုနစ် ဦးကို စစ်ကောင်စီတပ်မှ အကြောင်းမဲ့ ပစ်သတ်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့က ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးဘေးတွင် ကင်းပုန်းဝပ်နေသည့် ဘီးလင်းမြို့ ခလရ(၈)မှ တပ်ကြပ်ကြီးမိုးဇက်နှင့်အဖွဲ့သည် လမ်းလျှောက်လာသည့် ဒေါက်ရပ်ကျေးရွာနေ အသက် ၁၆နှစ် နှင့် ၁၈ နှစ်အရွယ် လူငယ်အမျိုးသား နှစ် ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။
“သူတို့နှစ်ယောက်က ရိုးရိုးသာမာန်ပြည်သူ နှစ် ယောက်ပဲ။ စစ်ကောင်စီ လော်ဘီ တွေကတော့ PDF ဆိုပြီးလိုင်းပေါ်ဖြန့်နေတယ်” ဟု သထုံခရိုင်PDF တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြိးခဲ့သည့် မတ်လ ၂၃ ရက်နေ့ကလည်း ရေးမြို့နယ်တွင် ည၆နာရီမှ မနက် ၆ နာရီအတွင်း ညမထွက်ရ အမိန့်ကိုဆန့်ကျင်သည်ဟုဆိုကာ ခလရ (၆၁) တပ်ရင်းမှ စစ်ကောင်စီ တပ်သားများသည် ဒေသခံအမျိုးသား နှစ် ဦးကို သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ယနေ့အချိန်အထိ မိသားစုနှင့် အဆက်သွယ်ရရှိခြင်း မရှိသေးကြောင်း ဒေသခံတစ်ဦးထံက သိရသည်။
ထို့အပြင် မတ်လ ၂၅ ရက်နေ့တွင် ဆိုင်ကယ်စီးလာသည့် လူငယ်အမျိုးသား ၂ ဦးအား တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းကျေးရွာ စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်သားများက အကြောင်းမဲ့ပစ်သတ်ခဲ့ပြီး ပုလောမြို့နယ်တွင်လည်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တွေ့၍ ပုလောကုန်းရွာမှအရပ်သားအမျိုးသား ၂ ဦးသတ်ဖြတ် ခြင်းခံခဲ့ရကြောင်း ဒေသတွင်းသတင်းရစ်မြစ်များထံက သိရသည်။
“တနင်္သာရီမြို့နယ်မှာ အသတ်ခံရတဲ့သူ နှစ် ဦးကလည်းရိုးရိုး ပြည်သူပါပဲ။ တစ်ဦးက ကိုးတန်းကျောင်းသားလို့သိရတယ်။ နာရေးကားမောင်းသမားလည်း သေဖူးတယ်။ စစ်ကိုင်းဘက်မှာ လုပ်တဲ့အတိုင်း လုပ်တာပါ။ မထင်ရင် မထင်သလိုသတ်တယ်။ နည်းတာနဲ့ များတာကွာသွားတာပဲရှိတယ်။ လုပ်နေတဲ့ ယုတ်မာမှု့ကတော့ အဲ့ဒီကအတိုင်းပါပဲ”ဟု တနင်္သာရီမဟာမိတ်တပ်ပေါင်းစု တာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စ၍ မတ်လ ၂၈ ရက်နေ့အထိ ကောက်ယူရရှိသည့် စာရင်းများအရ သေဆုံးခဲ့ရသည့် အရပ်သား အရေအတွက် ၃၁၇၁ ဦးအထိရှိပြီးဖြစ်ကာ အမျိုးသား ၂၆၄၆ ဦးအထိ သတ်ဖြတ်ခြင်း ခံခဲ့ရကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ထုတ်ပြန် ထားသည်။
#မွန်ပြည်နယ် #တနင်္သာရီတိုင်း #စစ်ကောင်စီတပ် #အကြောင်းမဲ့ပစ်ခတ် #ပြည်သူ၇ဦးသေဆုံး #Ayeyarwaddy_Times