ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊မတ်လ ၂၉ ရက်
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရေး-ထားဝယ် ကားလမ်း မိုင်တိုင်-၄၁ အနီးတွင် စစ်ကောင်စီယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ၍ ပြန်လည်ပစ်ခတ်ရာတွင် ဆော့ကစားနေသည့် အသက် ၆ နှစ်အရွယ် ကလေးငယ် ကျည်ထိမှန် ဒဏ်ရာရရှိကြောင်း သိရသည်။
ယမန်နေ့ မတ်လ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်က ဖောကား နှင့်ကျောက်တင်ကား ငါးစီးပါစစ်ကောင်စီယာဥ်တန်းကို မိုင်တိုင်အမှတ်-၄၁ ၊ ကျောက်ရှပ်ရွာ(နွယ်လီ) အနီးတွင် လက်လုပ်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ပြီး မိုင်းပေါက်ကွဲခြင်းမရှိ၍ လက်နက်ငယ်များနှင့် ပစ်ခတ်ခဲ့ကြောင်း ကလိန်အောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံက သိရသည်။
“သူတို့(စစ်ကောင်စီယာဉ်တန်း)က အရပ်သား ကားတွေနဲ့ရောပြီးတော့ အကာအကွယ်ယူ လိုက်လာတဲ့သဘောပါ။ ကျွန်တော်တို့အဖွဲ့က သူတို့ရဲ့ ငါး စီးမြောက်ကားကို ရွေးပြီးပစ်ခဲ့တယ်” ဟု ရွှေဘီလုံးပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံ K2 က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပြည်သူ့ကာကွယ်ရေး တပ်များ ပြန်လည်ဆုတ်ခွာစဉ် စစ်ကောင်စီတပ်က လက်နက်ကြီးနှစ်လုံးနှင့် ပစ်ခတ်ခဲ့သည့်အပြင် လက်နက်ငယ် များဖြင့်တရစပ် ရမ်းသန်းပစ်ခဲ့ကြောင်း မဟာမိတ်ပူးပေါင်းအဖွဲ့များ ထံကသိရသည်။
စစ်ကောင်စီတပ်၏ ပစ်ခတ်ခဲ့မှုကြောင့် ကျောက်ရှပ်ရွာရှိ နေအိမ်တစ်လုံးတွင် ဆော့ကစားနေသည့် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး ခြေထောက်ကျည်ထိမှန် ဒဏ်ရာရခဲ့ပြီး ကလိန်အောင်မြို့ဆေးရုံ၌ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
တိုက်ခိုက်မှုဖြစ်စဉ်တွင် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုများနိုင်ကြောင်း ကလိန်အောင် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ကဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ကလိန်အောင်မြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SPRING DHAMMA PDF)နှင့် ရွှေဘီလုံးပြည်သူ့ကာကွယ်ရေးတပ် (SHWE BE LONE PDF)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။