ဧရာဝတီတိုင်းမ်
မတ်လ ၂၈ ရက်

သင်္ကြန်ပိတ်ရက်အတွက် ဧရာဝတီတိုင်းအတွင်းက ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေတွေမှာရှိတဲ့ ဟိုတယ်တွေမှာ အခန်းအားလုံး ဘိုကင်ပြည့်နေပြီဖြစ်တယ်လို့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေထံက သိရပါတယ်။

သင်္ကြန်အတွက် ချောင်းသာနဲ့ ငွေဆောင်မှာရှိတဲ့ ဟိုတယ်ခန်းတွေကို မတ်လ ပထမပတ်ထဲမှာထဲက စတင်ပြီး အခန်းဘိုကင်တင်ထားတာဖြစ်တယ်လို့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

“ဟိုတယ်ခန်းတွေက အကုန်ပြည့်နေပါပြီ၊ မတ်လဆန်းထဲက စပြီးဘိုကင်တင်ရတာ၊ ပိုက်ဆံတက်နိုင်တဲ့သူတွေအများဆုံးလာတာပေါ့၊ ခုချိန်က စျေး ၂ ဆပေးငှားရတာ”လို့ ချောင်းသာကမ်းခြေက ခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေတွေမှာရှိတဲ့ ဟိုတယ်တွေမှာ အခန်းခအနေနဲ့ ပုံမှန်ရက်တွေမှာ အခန်း ၁ ခန်းကို ​​မြန်မာငွေကျပ် ၁ သိန်းနှုန်းရှိရင် သင်္ကြန်ရက်တွေမှာ ၂ သိန်းထိပေးငှားရတာလို့ ဆိုပါတယ်။

ခုလိုမျိုး သင်္ကြန်ကာလကမ်းခြေတွေမှာ ဧည့်သည်လာရောက်လည်ပတ်မှုများပြားတာဟာ ကိုဗစ်ကာလ ပိတ်ထားချိန်ကလွဲရင် ကျန်တဲ့နှစ်တိုင်းမှာ သင်္ကြန်ကာလဧည့်သည်များပြားတာပုံမှန်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

” သင်္ကြန်ကာလဧည့်သည်များတာကတော့ ပုံမှန်ပါပဲ၊ အကြိုနေ့မတိုင်ခင်တစ်ရက်လောက်ထဲက လမ်းတွေပြည့်နေတာ၊ ယာဥ်တိုက်မှုလည်းများတယ်၊ ဒေသခံတွေအတွက်တော့ ဧည့်သည်များတာ စားဝတ်နေရေး ပိုအဆင်ပြေတယ်”လို့ ချောင်းသာဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ကိုဗစ်ကြောင့် ပိတ်ထားခဲ့ရတဲ့ ကမ်းခြေတွေကို စစ်ကောင်စီလက်ထက်မှာ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်လှစ်ပေးတဲ့ ၂၀၂၂ ခုနှစ် သင်္ကြန်ကစတင်ပြီး သင်္ကြန်ကာလမှာ ဧည့်သည်ဝင်ရောက်မှု ပြန်လည်များပြားလာခဲ့တာလို့ ဆိုပါတယ်။

#သင်္ကြန် #ကမ်းခြေဒေသ #ခရီးသွားဝင်ရောက်မှု #ဘိုကင်ပြည့်နေ #Ayeyarwaddy_Times
………………………………………………………
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/ayeyarwaddytimes/reviews/…
===