ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ မတ်လ ၂၈ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်- ကံပေါက်သွား လမ်းမပေါ်တွင် စစ်ကောင်စီ၏ မောရဝတီရေတပ်ဌာနချုပ်မှ စစ်ကားတစ်စီး လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခံရကြောင်း ဒေသခံများက ထံကသိရသည်။
ယမန်နေ့ မတ်လ ၂၇ ရက်၊ နံနက် ၆ နာရီ ၃၀မိနစ်ခန့်က ကံပေါက်ဘက်မှ ကင်းလှည့်လာသည့် ရေတပ်ကားတစ်စီးသည် ကလိန်အောင် -ကံပေါက်လမ်းပိုင်း သဲအေးတောင်အနီး မိုင်းဆွဲတိုက် ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“မနေ့က ၇၈ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ဆိုတော့ သူတို့(စစ်ကောင်စီတပ်ကား) ကင်းလှည့်ကြတယ်။ ရေတပ်ကထွက်လာတာက အကုန်လုံး စစ်ကား လေး စီးပါ။ အရင်ထွက်လာ တဲ့နှစ်စီးကို မပစ်ဘူး။ နောက်ကထပ် လိုက်လာတဲ့ နှစ်စီးမှာ တစ်စီးကို လက်နက်ကြီးထိတာ “ဟု ကလိန်အောင်မြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် စစ်သား သုံး ဦးသေဆုံးပြီး ငါး ဦး အပြင်းအထန် ဒဏ်ရာရရှိကာ စစ်ကောင်စီတပ်ကား ပျက်စီးခဲ့ကြောင်း ကလိန်အောင်မြို့ ဒေသခံအချို့က ဆိုသည်။
သေဆုံးသွားသည့် စစ်ကောင်စီတပ်သား သုံး ဦး၏ အလောင်းများနှင့် ဒဏ်ရာ အပြင်း အထန်ရရှိသွားသည့် စစ်သား ငါး ဦးကိုကံပေါက် မောရဝတီရေတပ်ဌာနချုပ်သို့ အရေးပေါ် လူနာတင်ယာဥ်အပါအဝင် စစ်ကား များဖြင့်တင်သွား ကြောင်း သိရသည်။
“ပေါက်ကွဲတဲ့အသံကတော့ တော်တော်ကျယ်တယ်။ပြီးတာနဲ့ နှစ်ဖက်ပစ်ခတ်တဲ့အသံတွေ ၁၅ မိနစ်လောက် ဆက်တိုက်ထွက်ပေါ်လာတာ” ဟု ကလိန်အောင်မြို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်နက်ကြီးနဲ့ ပစ်ခတ်ခံရ ပြီးနောက် စစ်သားများသည် လမ်းသွားလမ်းလာရှိ ပြည်သူများကို တင်းကျပ်စွာ စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း ကလိန် အောင်မြို့ ဒေသခံများထံက သိရသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို ကိုမည်သည့် လက်နက်ကိုင်အဖွဲ့အစည်းက ပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားခြင်းမရှိသေးပေ။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလ ၇ ရက်နေ့က မောရဝတီရေတပ်ဌာနချုပ်မှ စစ်ကား ကလိန်အောင် အမှတ်(၂) သံတံတားအနီးတွင် မိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်သားလေးဦး သေဆုံးကာ ခြောက်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။
ဓာတ်ပုံ၊ကလိန်အောင် ကံပေါက်လမ်းပိုင်းတစ်နေရာ
#ရေဖြူမြို့နယ် #ကံပေါက်လမ်း #ကင်းလှည့် #မောရဝတီရေတပ်ကား #လက်နက်ကြီး #ပစ်ခတ်ခံရ #Ayeyarwaddy_Times