ဧရာဝတီတိုင်းမ်
မတ်လ ၂၉ ရက်

၂၀၂၂ ခုနှစ်အတွင်း အာဏာသိမ်းစစ်ကောင်စီက အရပ်သားပြည်သူတွေအပေါ် ရုပ်ပိုင်းဆိုင်ရာ၊ တရားရေး ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေ တိုးမြှင့်ခဲ့ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်နဲ့ လွတ်လပ်စွာ အသင်းအပင်းဖွဲ့ စည်းခွင့် အပါအဝင် အခွင့်အရေးတွေကို ကန့်သတ်ခဲ့တယ်လို့ ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာမှာ နိုင်ငံတကာ လွတ် ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး ကြိုးပေး ကွက်မျက်မှုတွေ ပြန်လည်စတင်ကာ ထိန်းသိမ်းခံရသူတွေကို နှိပ်စက်ခဲ့ပြီး ပြည်သူတွေကို တရားမျှတစွာ ခုခံချေပ ခွင့်မပေးဘဲ စွဲချက်တင် ထောင်ချခဲ့တယ်လို့ AI က ပြောပါတယ်။

“စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေ အရှိန်မြှင့်ခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ပြည်သူ တွေ အကြောင်းမဲ့ ထိန်းသိမ်းခံရကာ နိုင်ငံရေးသမား၊ တက်ကြွလှုပ်ရှားသူ၊ လူ့အခွင့်အရေးကာကွယ်သူ ၁၀၀၀ ကျော်ကို ခုခံချေပခွင့်မပေးဘဲ စွဲချက်တင် ထောင်ချခဲ့တယ်” လို့ အစီရင်ခံစာက ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မအမျိုးမျိုးတပ်ပြီး ထောင်ဒဏ် ၃၁ နှစ် ချမှတ်ခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ပြည်သူ ၃၅၆ ဉီး စစ်ကြောရေးမှာ သေဆုံးခဲ့ပြီး ၁၉၈၀ ခုနှစ်များနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ကိုဖြိုးဇေယျာသော်နဲ့ ကိုဂျင်မီတို့ အပါအဝင် လူလေးဉီးကို ကြိုးပေးကွပ်မျက်ခဲ့တယ်လို့ AI က ပြော ပါတယ်။

စစ်ကောင်စီက လူသားချင်းစာနာမှုအကူအညီ ပေးအပ်ခွင့်ကိုလည်း ကန့်သတ်ကာ စစ်တပ်က အရပ်သား တွေအပေါ် ဗုံးကြဲတိုက်ခိုက်ရာမှာ အသုံးပြုတဲ့ လေယာဉ်ဆီတွေကို ပြည်ပကုမ္ပဏီတွေက ထောက်ပံ့နေတယ်လို့ AI က ထောက်ပြပါတယ်။

မြန်မာစစ်တပ်ရဲ့ ကျေးရွာတွေ၊ စစ်ရှောင်စခန်းတွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအပေါ် စနစ်တကျ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ရတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ဒီဇင်ဘာလ ၂၆ ရက်အထိ မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာထွက်ပြေးသူ ၁ ဒသမ ၅ သန်းကျော်ရှိပြီး အများစု က အာဏာသိမ်းမှုနောက်ပိုင်း စစ်ရှောင်ဖြစ်လာသူတွေလို့ အစီရင်ခံစာက ဖော်ပြပါတယ်။

ကိုးကား – La Prensa Latina
Ref; Myanmar junta’s attacks increase as rights stifled across SE Asia: Amnesty