နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ မတ်လ ၂၈ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာရှိတဲ့ မအူပင်ခရိုင်အကျဉ်းထောင်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက မူးယစ်ဆေးဝါး ဖမ်းမိတာတွေဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ထောင်အတွင်း မူးယစ်ဆေးဝါးဖြန့်ဖြူရောင်းချရာမှာ ထောင်ပိုင်ဖြစ်သူပါ ပါဝင်နေတယ်လို့ ဝန်ထမ်းတွေက ပြောဆိုပါတယ်။

မအူပင်အကျဉ်းထောင်ထဲကို မူးယစ်ဆေးပြားသွင်းတဲ့ဖြစ်စဉ်မှာ CCTV ကနေ မှတ်တမ်းတွေရရှိခဲ့ပြီး ပါဝင် ပတ်သက်သူ ၆ ဦးကို စစ်ဆေးတာတွေပြုလုပ်နေသလို သတင်းမပေါက်ကြားအောင်လည်း ထောင်ပိုင်က သတင်းထိန်ချန်ထားခဲ့တာလို့ အကျဉ်းထောင်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“ ထောင်ပိုင်ကြီးက သတင်းမပေါက်ကြားအောင် ဖုံးဖိထားတာ၊ အားလုံးပါဝင်ပတ်သက်တဲ့သူက ၆ ဦးရှိတယ်”လို့ အကျဉ်းထောင်ဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အကျဉ်းထောင်ထဲက အကျဉ်းကျခံနေရတဲ့သူတွေကို ထောင်ဝန်ထမ်းတွေက မူးယစ်ဆေးဝါး ၁ ပြားကို မြန်မာ ငွေကျပ် ၁၀၀၀၀ နဲ့ ရောင်းချနေပြီး ထောင်ပိုင်းကြီးကိုတော့ ခွဲတမ်းပြန်ပေးနေရတာဖြစ်တယ်လို့ ဆိုပါတယ်။

မအူပင်အကျဉ်းထောင်ထဲ မူးယစ်ဆေးဝါးတွေ့ရှိပြီးနောက်ပိုင်းမှာ ပါဝင်ပတ်သက်တယ်လို့ ယူဆရသူ အကျဉ်းထောင်ဝန်ထမ်း ကျော်ထက်၊ ထက်ရှားနဲ့ ဟိန်းထက်အောင်တို့ကို ထောင်အပြင်ထွက်ခွင့်ပိတ်ထားခဲ့ တယ်လို့ အကျဉ်းထောင်ဝန်ထမ်းတွေက‌ ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်းက အကျဉ်းထောင်တွေမှာ မူးယစ်ဆေးဝါးမိတဲ့ဖြစ်စဉ်တွေ ၂၀၂၂ ခုနှစ်ထဲမှာ ၁၀ မှုမက ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့မှတ်တမ်းတွေအရ သိရပြီး အကျဉ်းထောင်ထဲက ထွက်လာသူတစ်ဦးကလည်း အကျဉ်း ထောင်တွေထဲမှာ ငွေပေးနိုင်ရင် ဘာမဆို ရနိုင်တယ်လို့ ပြောဆိုပါတယ်။

#မအူပင် #အကျဥ်းထောင် #မူးယစ်ဆေးဝါး
#Ayeyarwaddy_Times