ဧရာ၀တီတိုင်းမ်
မတ်လ ၂၈ ရက်

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ် ကွက်တွင် လမ်းရှင်းနေသည့် ယာဉ်ထိန်းရဲအဖွဲ့ ယနေ့ မတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းက လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူ ထံက သိရသည်။

ယနေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်က တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင် ကွင်းလမ်း ၀င်းဘရားသား အလူမီနီယံဆိုင်ရှေ့တွင် လမ်းရှင်းနေသည့် ယာဉ်ထိန်းရဲအဖွဲ့ကို တာမွေတံတားပေါ်မှနေ၍ လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“တံတားပေါ်ကနေပြီး ကားပေါ်ကတစ်ဆင့် ပစ်သွားတာ။ ယာဉ်ထိန်းရဲမေနဲ့ ယာဉ်ထိန်း တပ်ကြပ်ကြီးတို့နှစ်ယောက် လမ်းရှင်းနေတုန်းပစ်ခံရတာပေါ့။ ရဲမေကိုပဲ ထိသွားတယ်။ လောဆယ် ဆေးရုံပို့ထားပါတယ်။ သိပ်တော့မစိုးရိမ်ရပါဘူး” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူထံက သိရသည်။

လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ယာဉ်ထိန်းရဲမေ စုစန္ဒီစိုး၏ ဝဲပုခုံးထိမှန် ဒဏ်ရာရရှိပြီး တပ်ကြပ်ကြီး တင်မင်း မှာထိခိုက်မှုမရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် အခင်းဖြစ်ပွားရာ နေရာ၌ စစ်ကောင်စီတပ်သားများ စစ်ဆေးလျက် ရှိပြီး အဆိုပါ အနီးအနားရှိ CCTV များကိုလည်း ရှာဖွေစစ်ဆေးလျက်ရှိကြောင်း မြို့နယ်နေထိုင်သူများက ဆိုသည်။

#တာမွေမြို့နယ် # ယာဉ်ထိန်းရဲအဖွဲ့ #ဗုံးပစ်တိုက်ခိုက်ခံရ #Ayeyarwaddy_Times