ဧရာဝတီတိုင်းမ်
(ကဝ)၊ မတ်လ ၂၈ ရက်နေ့

ပဲခူးတိုင်း၊ ကဝမြို့နယ်၊ အုန်းနှဲကျေးရွာတွင် ညကင်းလှည့်ပြီးပြန်လာသည့် ရဲတပ်ဖွဲ့ဝင်များကို မတ်လ ၂၆ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် Kawa People’s Defense Force က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ်ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ အုန်းနှဲကျေးရွာရဲစခန်းမှ စခန်းမှူးအပါအဝင်ရဲတပ်ဖွဲ့ဝင် ၈ ဦးမှာ ညကင်းလှည့်ပြီးအပြန် ဘီယာဆိုင်တွင်နားနေစဉ် PDF များမှ လက်ဦးမှုရယူ၍ ဝင်ရောက်တိုက်ခဲ့ရာ နယ်ထိန်းရဲတပ်ကြပ်နိုင်ဦးမှာ နေရာတွင်ပင်သေဆုံးခဲ့ပြီး စခန်းမှူးအပါအဝင်ရဲတပ်ဖွဲ့ဝင် ၄ ဦး‌ဒဏ်ရာရခဲ့ကြောင်း သိရသည်။

“အုန်းနှဲကျေးရွာ အုပ်ချုပ်ရေးမှူးစန်းမြင့်ပိုင်တဲ့ဆိုင်မှာ ရဲတွေက ကင်းလှည့်ပြီး အာကာမိုးပါ စားသောက်ဆိုင်မှာ နားနေတဲ့အချိန်မှာ တိုက်ခိုက်ခဲ့တာ “ဟု ပဲခူးတိုင်း ဝောာ်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်ဝန်းကျင် ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာသူများမှာ ဒဏ်ရာပြင်းထန်သည့်အတွက် အုန်းနှဲတိုက်နယ်ဆေးရုံသို့ ညတွင်းချင်းပို့ဆောင်ခဲ့ရကြောင်းလည်း သိရသည်။

“အဲ့ဒီအုန်းနှဲရဲစခန်းက ရဲအင်အား ၁၅ ယောက်ဝန်းကျင်လောက်ရှိမယ်လို့ယူဆရတယ်။ စခန်းမှူးက ပေါင်ကို သေနတ် သုံး ချက်၊ ရင်ဘတ်ကို တစ်ချက်ထိတယ် လို့သတင်း ကြားတယ်။ ပစ်ခတ်မှုဖြစ်ပြီး နောက်နေ့မနက်ပိုင်းမှာတော့ စစ်ကားတွေ ရောက်နေတယ်” ဟု အုန်းနှဲဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ခိုက်ခဲ့ပြီး မတ်လ ၂၆ ရက်နေ့ညပိုင်းတွင်ပင် အုန်းနှဲကျေးရွာသို့ စစ်ကူလာနိုင် သည်ဟု ယူဆရသည့်အတွက် သက္ကလမြို့ရဲစခန်းရှေ့၌ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း Kawa People’s Defense Force ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ – ညကင်းလှည့်နေသည့်ရဲတပ်ဖွဲ့ဝင်များကိုမြင်တွေ့ရစဉ်(ပုံအဟောင်းဖြစ်ပါသည်)။

#ကဝမြို့နယ် #အုန်းနှဲရဲစခန်း #တိုက်ခိုက်ခံရ #KPDF #Ayeyarwaddy_Times