ဧရာဝတီတိုင်းမ်
မတ်လ ၂၈ ရက်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ သံလွင်ကမ်းရှိ ထိုင်းနိုင်ငံ နှင့်နယ်စပ်ထိစပ်နေသည့်နေရာတွင် နှစ်ပေါင်း ၆၀ ကျော်ကြာ စခန်းအထိုင်ချထားသည့် မယ်ခါးထာ့ စစ်ကောင်စီတပ်စခန်းကို ယနေ့ မတ်လ ၂၈ ရက် မနက်ပိုင်းက KNLA ပူးပေါင်းတပ်များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကရင်ပြည်နယ်၊ KNU တပ်မဟာ (၅) နယ်မြေရှိ သံလွင်မြစ်ကမ်းဘေးတွင် အထိုင်ချထားသည့် စစ်ကောင်စီ တပ်၏ အကြီးဆုံးစခန်း မယ်ခါးထာ့စခန်းကို ယနေ့ မတ်လ ၂၈ ရက် မနက် ၆ နာရီ၀န်းကျင်အချိန်က KNLA/KNU ပူးပေါင်းအဖွဲ့မှ ၀င်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့၏ သတင်းရင်းမြစ်များထံမှ သိရှိရသည်။

“စခန်းသိမ်းတိုက်ခိုက်နိုင်ခဲ့တာပါ။ ရန်သူဘက်က ၄၀ ကျော်သေတယ်။ ကိုယ်တွေဘက်ကလည်း ထိခိုက်မှု တော့ရှိပါတယ်။ ထိုင်းဘက်ကရွာတွေလည်းရှိတော့ မြင်နေရတယ်။ သတင်းကထိန်းထားလို့မရနိုင်ဘူးပေါ့။ အရာရှိတွေအပါအ၀င် ၄၀ ကျော်သေတယ်။ လက်နက်တွေလည်း ရခဲ့တယ်”ဟု ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါတိုက်ပွဲတွင် ပစ်ခတ်မှုကြာမြင့်ချိန် မိနစ် ၅၀ ကျော်ကြာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ မယ်ခါးထာ့စခန်းကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်တပ်ဘက်မှ အရာရှိအပါအ၀င် တပ်သား ၄၀ ကျော်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကိုမူ ဧရာ၀တီတိုင်းမ်အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

တိုက်ပွဲနှင့်ပတ်သက်ပြီး မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက “မနက်အစောကြီးက စက်လက်သံတွေ၊ လက်နက်ကြီးသံ တွေကြားရတယ်။ တိုက်ပွဲဖြစ်ပြီးဆိုပြီး ပြေးကြတာပေါ့။ သေနတ်သံတွေငြိမ်သွားပြီး စခန်းမီးလောင်နေတာကို တွေ့နေရတယ်။ မီးလောင်ပြီးတော့ လေယာဉ်တွေ ရောက်လာတာ”ဟု ဆိုသည်။

စစ်‌ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် “NUG, PDF နဲ့ သူတို့ကို ပံ့ပိုးနေတဲ့ EAO- တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့တချို့ကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမယ်၊ သူတို့ရဲ့တိုက် ခိုက်မှုတွေကိုလုံး၀ရပ်ဆိုင်းသွားအောင်ဆောင်ရွက်သွားဖို့ လိုအပ်တယ်”ဟု ယမန်နေ့ကကျင်းပပြုလုပ်သည့် တပ်မတော်နေ့ အခမ်းအနားတွင်ပြောကြားခဲ့ပြီးနောက် ယခုလို ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ရှိ စစ်ကောင်စီ၏ မယ်ခါးထာ့စခန်းတိုက်ခိုက်သိမ်းပိုက်ခံရခြင်းဖြစ်သည်။

#စစ်ကောင်စီ #နှစ်ရှည်အထိုင်ချ #မယ်ခါးထာ့စခန်း #တိုက်ခိုက်သိမ်းပိုက် #သေဆုံး
#Ayeyarwaddy_Times