ဧရာဝတီတိုင်းမ်
(ကျိုက်ထို)၊ မတ်လ ၂၈ ရက်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ မရမ်းချောင်စစ်ဆေးရေးဂိတ်နှင့် လက်ပံပင်သုသာန်တွင်တပ်စွဲထားသည့် စစ်ကောင်စီစခန်းအား ယမန်နေ့ မတ်လ ၂၇ ရက်နေ့၌ KNLA၊ KRF၊ PDF၊ PPDF၊ ပ.က.ဖပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့တွင်း အဝင်၊ အထွက်၌စစ်ဆေးသည့် မရမ်းချောင်းအမြဲတမ်းစစ်ဆေးရေးစခန်းအား နေ့လည် ၁၂ နာရီဝန်းကျင်တွင် KNLA ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့်သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံး ဦးသေဆုံးပြီး နှစ် ဦးဒဏ်ရာရရှိခဲ့ကြောင်း သထုံခရိုင် PDF ထံက သိရသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ၏ဒရုန်းဂျန်မာများကြောင့် ပူးပေါင်းတပ်ဖွဲ့၏တိုက်ခိုက်ရေးဒရုန်း တစ်စင်းနှင့် ကင်းထောက်ဒရုန်းတစ်စင်းမှာ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
“ဒရုန်းဂျန်မာကြောင့်လို့ယူဆရပါတယ်။ Jammerတွေက နေရာတော်တော်များများမှာ တပ်ထားကြပါတယ်။ ဒရုန်းတွေက ပြန်မရတော့ဘူး၊ ဒရုန်းရော၊ ဗုံးသီးရော မရမ်းချောင်းဂိတ်ကုန်းပေါ်ကို ကျရောက်ပေါက်ကွဲပါတယ်” ဟု သထုံခရိုင် PDF တာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ခိုက်ခံရမှုကြောင့် မရမ်းချောင်စစ်ဆေးရေးဂိတ် ၊မုပ္ပလင်လမ်းဆုံဂိတ်၊ မုပ္ပလင်ရဲကင်း၊ စစ်တောင်းတံတား မုပ္ပလင်ဂျပန်ကျောင်းစခန်းများမှ လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် မုပ္ပလင်ကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းမုဒ်ဝအချို့ပျက်စီးခဲ့ကြောင်း ဒေသခံများက ဆိုသည်။
“မရမ်းချောင်ရဲမှူးအဆင့်ရှိသူအပါအဝင် ရဲတပ်သားတွေသေတယ်လို့တော့သိရတယ်။ သေချာတော့မသိရသေးဘူး။ဒရုန်းနဲ့တိုက်ခံရပြီး တဲတွေတော့မီးလောင်သွားတယ်လို့ သိရတယ်” ဟု ကျိုက်ထိုဒေသခံတစ်ဦးက ဧရာဝတီတ်ိုင်းမ်ကို ပြောသည်။
ထို့အပြင် KNLA၊PDF ပူးပေါင်းတပ်ဖွဲ့သည် ယမန်နေ့ ညနေ ၅ နာရီဝန်းကျင်တွင်လည်း လက်ပံပင်သုသာန်၌ စခန်းချထားသည့်စစ်ကောင်စီတပ်အား ဒရုန်းဖြင့်ထပ်မံတိုက်ခိုက်ခဲ့ရာ တပ်သား လေး ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
#ကျိုက်ထို #မရမ်းချောင်ဂိတ် #ဒရုန်း #KNLA #PDF #Ayeyarwaddy_Times