နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ်လ ၂၈ ရက်
ကရင်ပြည်နယ်၊ မြ၀တီကုန်သွယ်ရေးဇုန်ကို တိုက်ခိုက်ခြင်းသည် ဆင်ခြင်မှုကင်းမဲ့သော လုပ်ရပ်၊ အကြမ်းဖက်လုပ်ရပ်၊ မိုက်မဲသော လုပ်ရပ်ဖြစ်သလို လူသားမဆန်သော လုပ်ရပ်ဖြစ်ကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
မြ၀တီကုန်သွယ်ရေးဇုန် အပါအဝင် စစ်ကောင်စီ လက်အောက်ခံ သင်္ဃန်းညီနောင် ရဲစခန်း၊ မြ၀တီမြို့အထွက် (၂၇၅) တပ်၊ ကျုံဒိုးမြို့ရှိ ခမရ (၅၄၅)၊ ခမရ (၅၄၆) တပ်ရင်းတို့ကို ပြီးခဲ့သည့် မတ်လ ၂၅ ရက်၊ နံနက်ပိုင်းတွင် KNLA ပူးပေါင်းတပ်ဖွဲ့မှ တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ အရှင်ဖမ်းဆီးခံရသဖြင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ကို စစ်ကောင်စီမှ လေယာဉ်များဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း သိရသည်။
မြဝတီကုန်သွယ်ရေးစခန်းသည် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမှီခို ဆောင်ရွက်ပေးသည့် နေရာဖြစ်ပြီး လုပ်ငန်းများစွာကိုလည်း ဖန်တီးပေးနိုင်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက စစ်ကောင်စီ ဝါဒဖြန့် သတင်းစာမှတဆင့် ပြောခဲ့သည်။
“အဲဒီနေရာကို အဓိကတိုက်ခိုက်တာက ဆင်ခြင်မှုကင်းမဲ့တဲ့ လုပ်ရပ်၊ အကြမ်းဖက်လုပ်ရပ်၊ ဒေသခံတွေနဲ့ ပြည်နယ်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အနှောင့်အယှက်ပေးတဲ့ လုပ်ရပ်၊ မိုက်မဲတဲ့လုပ်ရပ်လို့ ကျွန်တော်ပြောချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ အကောက်ခွန်၀န်ထမ်း တစ်ဦးနှင့် အပြစ်မဲ့ပြည်သူ တစ်ဦးတို့ သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့လည်း အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံးနေကြောင်း၊ ကုန်သွယ်ရေးဇုန် အဆောက်အအုံနှင့် X-Ray စက်တို့လည်း မီးလောင်ပျက်စီးခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။
“သေဆုံးတဲ့ ရဲတပ်ဖွဲ့ဝင်၊ အကောက်ခွန်က ဝန်ထမ်း၊ အပြစ်မဲ့ ပြည်သူတွေကိုလည်း အဲဒီ အဆောက်အအုံထဲမှာပဲ အလောင်းတွေကို မီးရှို့ထားတာ တွေ့ရပါတယ်။ လူသားမဆန်တဲ့ လုပ်ရပ်တွေ၊ စစ်ရာဇဝတ် ကျူးလွန်ခဲ့တဲ့ လုပ်ရပ်ကိုလည်း တွေ့ရပါတယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက စွပ်စွဲပြောဆိုသည်။
ထိုသို့တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်ပြီး စစ်ကောင်စီအနေဖြင့် လိုအပ်သည့် တုန့်ပြန်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းတို့ဝါဒဖြန့် သတင်းစာတွင် ဖော်ပြထားသည်။
အလားတူ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း-YMBA(ဗဟို)၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)နှင့် မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံးတို့ကလည်း စစ်ကောင်စီအလိုကျ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သည်။
#ကရင်ပြည်နယ် #မြ၀တီကုန်သွယ်ရေးဇုန် #တိုက်ခိုက် #Ayeyarwaddy_Times