ဧရာဝတီတိုင်းမ်
မတ်လ ၂၇ ရက်

၇၈ နှစ်မြောက် တပ်မတော်နေ့ဖြစ်တဲ့ ၂၀၂၃ ခုနှစ် မတ်လ ၂၇ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မြောက်ဒဂုံ၊ ရွှေပြည်သာ၊ လှည်းကူး၊ သာကေတ၊ အင်းစိန် စတဲ့ မြို့နယ်တွေမှာ ဗုံးပေါက်ကွဲမှုတွေ ကြုံတွေ့ခဲ့ရတယ်လို့ သိရှိရပါတယ်။

ဒီကနေ့ မနက် ၂ နာရီ ကျော်လောက်မှာ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်နဲ့ ရွှေပြည်သာမြို့နယ်တို့မှာ တချိန်ထဲ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သလို သာကေတမြို့နယ်အတွင်းက ၇ စျေးလမ်းမပေါ်တနေရာမှာလည်း ဒီကနေ့ မနက်ပိုင်း ၆ နာရီ ၄၀ အချိန်ခန့်က ပေါက်ကွဲမှု တကြိမ် ဖြစ်ပွားခဲ့ပြီး အင်းစိန်မြို့နယ်အတွင်းမှာလည်း ဒီကနေ့ မနက် ၇ နာရီ ၅၅ မိနစ် အချိန်ခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

” ၇၅ နှစ်မြောက် တပ်မတော်နေ့ပွဲကို ဆန့်ကျင်ကြောင်း ဖော်ပြတာ နေမယ်။ အသံက မနက်အစောကြီး အိပ်နေရင်း ခေါင်းတောင် ထောင်သွားတယ်။ ဗုံးပေါက်သံပဲ နေမယ်။ အသံက အကျယ်ကြီး မြေကြီးကိုပါ လှိုင်းရိုက်တယ်။ ဗုံးသံကို ပြည်သူတွေတောင် နားယဉ်နေပါပြီ။” လို့ မြောက်ဒဂုံမြို့နယ်မှာ နေထိုင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

လှည်းကူးမြို့နယ်၊ အမြန်လမ်း မိုင်တိုင် ၁၇ (၄) မှာ မြေနီကွင်းကျေးရွာကို သွယ်တန်းထားတဲ့ လျှပ်စစ် ဓာတ်အားပေးတိုင်ဘက်မှာလည်း မနက် ၅ နာရီခွဲအချိန်က ဖောက်ခွဲတိုက်ခိုက်ခဲ့ရပြီး၊ မှော်ဘီမြို့နယ်၊ ကုလားကုန်းကျေးရွာရှိ BPI ဆေးပါးစက်ရုံအနီး မြင်းမွေးမြူရေး ခြံအနောက်ဖက်ရှိ လျှပ်စစ်ဓာတ်အားပေးနေတဲ့ 33KVA ဓာတ်အားပေးတိုင်ကိုလည်း မနက် ၆ နာရီခန့်က ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်း၊ မကွေးနဲ့ ကရင်နီ ဒေသတွေမှာ စကစဘက်က အကြီးအကျယ် စစ်ကြောင်းထိုးနေတဲ့အတွက် တိုင်းနဲ့ ပြည်နယ်အနှံ့က တော်လှန်ရေး အင်အားစုတွေက လက်မခံဘူးဆိုတာကို ပြသဖို့ အခုလို ဖောက်ခွဲမှုတွေကို ပြန်လည် ပြသပေးတဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ ရန်ကုန်က တော်လှန်ရေး အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

#ရန်ကုန်တိုင်း #တော်လှန်ရေးနေ့ #ဗုံးပေါက်ကွဲ #Ayeyarwaddy_Times