ဧရာ၀တီတိုင်းမ်
မတ်လ ၂၇ ရက်

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ဒေါ်အောင်ဆန်းစုကြည်လမ်း၊ ရတနာပုံခန်းမ အနီးတွင် မြို့ပြပြောက်ကျား အဖွဲ့မှ ထောင်ထားမိုင်းကို စစ်ကောင်စီတပ်သားများလာ ရောက်ရှင်းလင်းစဉ် မိုင်းပေါက်ကွဲ၍ နှစ်ဦးသေဆုံးကြောင်း ဒေသခံများထံက သိရသည်။

ယနေ့ မတ်လ ၂၇ ရက် (ဖက်ဆစ်တော်လှန်ရေးနေ့) နံနက်ပိုင်းက မန္တလေးမြို့တွင်းတွင် လုံခြုံရေးတင်းကျပ်စွာ ရှိနေသည့်ကြားမှ မြရည်နန္ဒာစစ်ဆင်ရေးဟုဆိုကာ မိုင်းများ ထောင်၍ ဗီနိုင်းတစ်ခုချိတ် ဆွဲထားသည်ကို လာရောက်ရှင်းလင်းစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“မနက်အစောပိုင်းပဲ ဗီနိုင်းချိတ်ထားတာကို လာဖြုတ်ကြတာ။ စစ်သားတွေ အတော်များတယ်။ ရတနာပုံခန်းမနားမှာ ဗုံးတွေ့တယ်ဆိုပြီး လမ်းပိတ်ပြီးတော့ ရှင်းလင်း ကြတာ။ အဲဒီအချိန်မှာ ဘယ်လိုထပေါက်တာလည်းတော့ မသိဘူး။ လူနာတင် ကားတွေ အများကြီးနဲ့ လာခေါ်သွားတယ်”ဟု မန္တလေးမြို့နေ အမျိုးသားတစ်ဦးက ဧရာ၀တီ တိုင်းမ်ကို ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့က မြရည်နန္ဒာစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“စစ်‌သား(စစ်ကောင်စီတပ်သား)တွေ လမ်းပိတ်ပြီး ရှင်းလင်းဖို့လုပ်နေတုန်းမှာ နောက်ထပ် မိုင်းနှစ်ခုကို ဖောက်ခွဲခဲ့တာပါ။ စစ်သား နှစ်ယောက်သေတယ်။ ထိခိုက် ဒဏ်ရာရတာတွေ လည်းများတယ်။ လူနာတင်ယာဉ်တွေနဲ့ သယ်သွားတယ်လို့ သိရတယ်”ဟု စစ်ဆင်ရေးတာ၀န်ရှိသူတစ်ဦးက ပြောသည်။

အလားတူ ယနေ့ ဖက်ဆစ်တော်လှန်ရေးနေ့ စစ်ကောင်စီမှ ကျင်းပပြုလုပ်သည့် တပ်မတော်နေ့တွင် ရန်ကုန်မြို့ရှိ မြို့ပြပြောက်ကျားများမှလည်း မြို့နယ်အသီးသီးရှိ နေရာအနှံ့တွင် စစ်ကောင်စီ၏ဌာနဆိုင်ရာများ၊ ဒေါက်တိုင်နေရာများတို့ကို ဗုံးဖောက်ခွဲ ၍ စစ်အုပ်ချုပ်ရေးအား လက်မခံကြောင်းကို တော်လှန် တိုက်ခိုက်မှုများကို ပြုလုပ်၍ ပြသခဲ့ကြသည်။

#မန္တလေးမြို့ #ဒေါ်အောင်ဆန်းစုကြည်လမ်း #မိုင်းထောင် #စစ်ကောင်စီတပ်သား #နှစ်ဦးသေ #တပ်မတော်နေ့ #Ayeyarwaddy_Times