ဧရာဝတီတိုင်းမ်
မတ်လ ၂၇ ရက်
ဧရာဝတီတိုင်း သာပေါင်းမြို့နယ်မှာ စိုက်ဘဏ် ချေးငွေ ဆပ်ဖို့ကျန်နေတဲ့ တောင်သူတွေကို မတ်လ ၂၅ ရက်နေ့က မြို့နယ် စစ်ကောင်စီက ခေါ်ယူပြီး ချေးငွေတွေ အမြန်ဆုံး ပြန်ဆပ်ဖို့ ခြိမ်းခြောက် ဖိအားပေးမှု ပြုလုပ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
တောင်သူ တစ်ဦးက“သာပေါင်းမြို့နယ် ပြည်အေးခန်းမမှာ စစ်တပ်က ဗိုလ်မှူး နဲ့ ရဲမှူးတွေနဲ့က စိုက်ဘဏ်ချေးငွေကို အခု မတ်လကုန် ပြန်ဆပ်ပါ့မယ် ဆိုပြီး ကတိပြု လက်မှတ်ထိုးခိုင်းတာ၊ အားလုံး တောင်သူ ၁၀၀ ကျော်၊ မဆပ်ရင် အရေးယူမယ်လို့ ခြိမ်းခြောက်တယ်။ ပုံစံ (၇) သိမ်းပြီး မြေကို လေလံပစ်မယ်လို့လည်း ပြောတယ်”လို့ ဧရာဝတီတိုင်းမ်ကို ပြောပြပါတယ်။
သာပေါင်းမြို့နယ် ကျေးရွာအုပ်စု ၁၉ အုပ်စုက တောင်သူတွေကို တစ်အုပ်စုလျှင် တောင်သူ ၅ ဦး ကိုယ်စားပြုကာ ခေါ်တွေ့ခဲ့ခြင်း ဖြစ်ပြီး စိုက်ဘဏ် ချေးငွေ ကျန်တဲ့ တောင်သူတွေကို တာဝန်ယူ တောင်းခံပေးမယ်လို့ ဝန်ခံ လက်မှတ် ထိုးပေးခဲ့ရတယ် လို့လည်း ဆိုပါတယ်။
သာပေါင်းမြို့နယ်က ဒေသခံ လယ်သမား တစ်ဦးကလည်း“လယ်သိမ်းလည်း ခံရမယ်။ လူကိုလည်း အရေးယူမယ် ဆိုတော့လည်း ကြံဖန်ပြီး ဆပ်ရတော့မှာပေါ့။ ဒီလအတွင်း ဆိုတော့ အသည်းအသန် ငွေရှာနေရတယ်၊ ပထမ စစ်ကောင်စီကို ဆပ်စရာမလိုဘူး တရားဝင် အစိုးရမဟုတ်ဘူးလို့ ခံယူတဲ့အတွက် မဆပ်တာလည်း ပါတယ်၊ ကုန်ဈေးနှုန်းတွေတက်၊ ဆီဈေးတွေကကြီး၊ အထွက်နှုန်းကျ နဲ့ ဘာမှ မကျန်လို့ မဆပ်နိုင်တာလည်း ရှိတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ ခေါ်ယူ ခြိမ်းခြောက်မှုကြောင့် အစည်းအဝေး တက်ရောက်လာတဲ့ တောင်သူများမှာ ကတိပြု လက်မှတ် ထိုးပေးခဲ့ရပြီး တောင်သူ ၁၂ ဦးက စိုက်ဘဏ် ချေးငွေကို တစ်ခါတည်း ပြန်လည် ပေးဆပ်ခဲ့ရကြောင်းလည်း သိရပါတယ်။
#သာပေါင်း #စိုက်ဘဏ် #ချေးငွေ #စစ်ကောင်စီ #ဖိအားပေး
#Ayeyarwaddy_Times