ဧရာဝတီတိုင်းမ်
မတ်လ ၂၆ ရက်

ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်များရှိ တိုက်နယ်ဆေးရုံများတွင် ဆရာဝန်များ လစ်လပ်နေသဖြင့် ဒေသခံများ၏ ဆေးဝါးကုသရေးပိုင်းတွင် အခက်ခဲများဖြစ်ပေါ်နေပြီး ဆရာဝန်များကို တာဝန်ချပေးရန် ဒေသခံများက တောင်းဆိုလျှက်ရှိသည်။

ရခိုင်ပြည်မြောက်ပိုင်းတွင် ဆရာဝန်မရှိသည့် တိုက်နယ် ဆေးရုံများမှာ မင်းပြားမြို့နယ်ရှိ ပန်းမြောင်းတိုက်နယ်ဆေးရုံ၊ မြောက်ဦးမြို့နယ်ရှိ ပျားတဲတိုက်နယ်ဆေးရုံ ၊ ရသေ့ တောင်မြို့နယ်ရှိ ဦးဂါတိုက်နယ်ဆေးရုံ ၊ အမ်းမြို့နယ်ရှိ ရူးတိုက်နယ်ဆေးရုံ၊ မြေပုံမြို့နယ်ရှိ လွမ်းလုံးပိုက် ၊ င/ပသုန်နှင့် ကြာအင်းတောင် တိုက်နယ်ဆေးရုံ၊ စစ်တွေမြို့နယ်ရှိ ဝါဘိုကျေးရွာမှ တိုက်နယ်ဆေးရုံတို့ဖြစ်သည်။

အဆိုပါဆေးရုံများအနက် အချို့ဆေးရုံများသည် ဆေးရုံဆောက်လုပ်ပြီးစဉ်ကတည်းက ဆရာဝန်များ တာဝန်ကျမှုမရှိခြင်းဖြစ်ပြီး ကျန်ဆေးရုံများတွင်မူ တိုက်ပွဲကာလအတွင်း နှင့် အခြားအကြောင်းအမျိုးမျိုးတို့ကြောင့် ဆရာဝန်များ ပြောင်းရွှေ့သွားခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“၂၀၁၉ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကာလကတည်းက တာဝန်ကျနေတဲ့ ဆရာဝန်က ပြောင်းသွားလို့ ကြားထဲမှာ ၁နှစ်ကျော်လောက် ဆရာဝန်မရှိဘူး။ အဲဒီနောက်ပိုင်း ၂၀၂၁ မှာဆရာဝန် နောက်တစ်ယောက်ထပ်ကျလာတယ်။ သူလည်းမကြာပါဘူး ထပ်ပြောင်း သွားတယ်။ အခုပန်းမြောင်းတိုက်နယ် ဆေးရုံမှာဆရာဝန်မရှိတာ ၁နှစ်ကျော်နေပြီ။ သူနာပြုတွေနဲ့ပဲ ကုသနေရတာ ” ဟု မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာမှ ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပန်းမြောင်းတိုက်နယ်ဆေးရုံသည် လေးမြို့ကမ်းခြေရှိ ကျေးရွာပေါင်း ၂၀ နီးပါးခန့်မှ အမှီ ပြုကုသနေရသည့် တိုက်နယ်ဆေးရုံတစ်ခုဖြစ်ပြီး လက်ရှိတွင် ဆရာဝန်မရှိသည့် အတွက် အရေးပေါ်လူနာများကို မြောက်ဦးမြို့သို့ ပို့ဆောင်နေရကြောင်း ဒေသခံများ ထံက သိရသည်။

ထို့အတူ ရသေ့တောင်မြို့နယ်ရှိ ဦးဂါတိုက်နယ်ဆေးရုံသည် ဆေးရုံဖွင့်စတင်လှစ်ခဲ့သည့် ၂၀၂၀ ခုနှစ်ကတည်းက တာဝန်ကျဆရာဝန်ခြင်းမရှိသည့်အတွက် ကုန်တစ်တန် ရေတစ်တန်ဖြင့် မြို့ပေါ်သို့ သွားရောက်ကုသရပြီး လမ်ခရီးတွင် အချိန်ကြန့်ကြာမှုကြောင့် အသက်သေဆုံးမှုများရှိကြောင်း သိရသည်။

“ဆေးရုံဖွင့်ကတည်းက ဆရာဝန်မရှိတာ။ ဒါကြောင့်အရေးပေါ်လူနာတွေကို ရသေ့တောင် မြို့အထိပို့ရတယ်။သွားရတဲ့လမ်းခရီးကလည်း ရွာကနေ ကားနဲ့ပထမဆုံးစထွက်ပြီးမှ စက်လှေနဲ့ထပ်သွားရတယ်။ ပြီးတော့ ကားထပ်စီးရတယ်။ အချိန်က အရမ်းကြာပြီး ဆေးရုံမရောက်လိုက်ဘဲ သေသွားရတဲ့လူနာတွေရှိတယ်။ ကျွန်တော်တို့ အကြိမ်ကြိမ် တောင်းဆိုလည်း အခုထိ ဆရာဝန်မမြင်ရဘူး” ဟု ဒေသခံရွာသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အခြားတိုက်နယ်ဆေးရုံများဖြစ်ကြသည့် မြောက်ဦးမြို့နယ် ပျားတဲဆေးရုံ၊ စစ်တွေမြို့နယ် ဝါဘိုဆေးရုံ ၊အမ်းမြို့နယ် ရူးတိုက်နယ်ဆေးရုံနှင့် မြေပုံမြို့နယ်တို့မှ တိုက်နယ်ဆေးရုံများသည်လည်း ဆရာဝန်များမရှိ၍ ဒေသခံများမှာ သူနာပြုများဖြင့်သာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေကြရကြောင်း သိရသည်။

” ကိုယ့်ရွာမှာ ဆရာဝန်တစ်ယောက်လောက်ရှိရင် တော်ရုံတန်ရုံရောဂါဆို မြို့အထိ သွားစရာမလိုတော့ဘူးပေါ့။ အခုဟာက အချို့ရောဂါတွေဆိုရင် သူနာပြုတွေက လက်မခံဘဲ မြို့ကိုသွားခိုင်းတယ်။ မြို့ကိုသွားဖို့က လူနာရဲ့အခြေအနေနဲ့ ငွေကုန်ကျ စရိတ်များတာနဲ့ တော်တော်ကို အခက်အခဲဖြစ်တယ်။ ဒီမှာက တိုက်နယ်ဆေးရုံရှိပြီး ဆရာဝန်တစ်ယောက်တောင်မရှိဘူး။ အရင်ကလည်းကျွန်တော်တို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဆီမှာစာတင်ပြီး တောင်းဆိုခဲ့တာရှိတယ်။ ချပေးမယ် ချပေးပြောပြီး အခုထိ မချပေးဘူး။ ဆရာဝန်တစ်ယောက်တော့ ကိုယ့်ဒေသမှာ ရှိစေချင်တာပေါ့” ဟု စစ်တွေ မြို့နယ် ၊ဝါဘိုကျေးရွာအုပ်ချုပ်ရေးမှူးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ သြဂုတ်လမှစတင်ဖြစ်ပွားခဲ့သည့် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့၏ တစ်ကျော့ပြန်တိုက်ပွဲများကြောင့် ရခိုင်သို့ဆေးဝါး သယ်ယူခွင့်ကို စစ်ကောင်စီက ကန့်သတ်ခဲ့၍ ရခိုင်ကဆေးရုံအချို့တွင် ဆေးဝါးပစ္စည်း အထောက်အပံ့များပါ လိုအပ်လျှက်ရှိသည်။

#ရခိုင်ပြည်နယ်မြောက်ပိုင်း #တိုက်နယ်ဆေးရုံများ #ဆရာဝန်မရှိ #ဒေသခံများ #တောင်းဆို #Ayeyarwaddy_Times