ဧရာ၀တီတိုင်းမ်
မတ်လ ၂၇ ရက်

ယနေ့ကျရောက်သည့် တပ်မတော်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဦးတည်တိုက်ခိုက်မှုများ ပြုလုပ်မည်စိုးသဖြင့် မန္တလေးမြို့အခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) လက်အောက်ခံ တပ်ရင်းများ အားလုံး၌ လုံခြုံရေးအထူးတင်းကြပ်ထားကြောင်း သတင်းရရှိသည်။

တပ်ထဲမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးကို တပ်ပြင်လုံး၀ပေးမထွက်ဘဲ တပ်ထဲသို့လည်း အပြင်လူ လုံး၀ ပေးမဝင်ကြောင်း၊ တပ်ပြင်ပရောက်နေသူများအားလုံးကိုလည်း စစ်တပ်တာဝန်ရှိသူများက ပြန်ခေါ်နေကြောင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) နှင့်နီးစပ်သည့် သတင်းရင်းမြစ်များထံက သိရသည်။

“လုံခြုံရေးမြှင့်ထားတယ်။ တပ်ပြင်လုံးဝ မထွက်ရဆိုပြီး လုပ်ထားတယ်။ ဘယ်သူမှကို ပေးမထွက်ဘူး။ တပ်ထဲကိုလည်း လူအဝင် လက်မခံဘူး။ ဒါက ကြိုတင်မကြေငြာဘဲ ဒီနေ့မှ ရုတ်တရက် ထကြေငြာပြီးတော့ အပြင်သွားတဲ့သူတွေတောင် ဆက်သွယ်ပြီး ပြန်ခေါ်နေတယ်”ဟု အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) နှင့်နီးစပ်သည့်စစ်ဘက်သတင်းရင်းမြစ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) လက်အောက်တွင် တပ်မ ၈၈၊ တပ်မ ၉၉ နှင့် တပ်မ ၁၀၁ ခြေမြန်တပ်မ ဌာနချုပ် ၃ ခုရှိပြီး တိုင်းမှူးမှာ ဗိုလ်ချုပ် ကိုကိုဦးဖြစ်သည်။

ယမန်နေ့က နေပြည်တော်ရှိ စစ်ကောင်စီ၏ (၇၈) နှစ်မြောက် တပ်မတော်နေ့အခမ်းအနားကျင်းပရန် ပြင်ဆင်ထားသော စစ်ရေးပြကွင်းကို ၁၀၇ ရှော့တိုက်ဒုံးများဖြင့် PDF တပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ယနေ့တွင်လည်း ရန်ကုန်တိုင်းရှိ သာကေတ၊ အင်းစိန်နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်များတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ပြင် မှော်ဘီမြို့နယ်ရှိ စစ်တပ်ပိုင် တပ်မတော်ဆေးဝါးစက်ရုံထံ ဓာတ်အားပေးပို့နေသည့် ဓာတ်အားလိုင်းနှင့် မင်္ဂလာဒုံရှိ Mytel တာဝါတိုင်တို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF များက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။

ပုံစာ – ပြင်ဦးလွင်တပ်နယ်၌ကျင်းပသည့် တပ်မတော်နေ့အခမ်းအနား (ဓာတ်ပုံ – ပြင်ဦးလွင်တပ်နယ်)
#လပခ #လုံခြုံရေးတင်းကြပ် # #မန္တလေးတိုင်း #Ayeyarwaddy_Times