ဧရာဝတီတိုင်းမ်
(ရေး)၊ မတ်လ ၂၇ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးတံတားကြီးစစ်ဆေးရေးဂိတ်စခန်းအား ယနေ့မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ရေးဘီလူးအဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တပ်မတော်နေ့တွင် အင်အား ၆၀ ကျော်ဖြည့်တင်းထားပြီး တိုက်ခိုက်ရန် အသင့်ပြင်ထားသည့် ရေး-ထားဝယ်ကားလမ်းပေါ်ရှိ ရေးတံတားကြီး စစ်ဆေးရေး ဂိတ်စခန်းအား ဒရုန်းဖြင့်သွားရောက်တိုက်ခိုက်ခဲ့ရာ အဆိုပါဂိတ်စခန်းတွင် Jammer (တယ်လီဖုန်းလှိုင်းနှောက်စက်) များတပ်ဆင်ထားသည့်အတွက် ဒရုန်းဆုံးရှုံးခဲ့ရကြောင်း ရေးဘီလူးထံမှ သိရသည်။

“စခန်းကို ဒရုန်းနဲ့တိုက်တာ သူတို့ပေါ်ကိုဗုံးသီးကျတယ်။ ထိခိုက်သေဆုံးမှု ရှိနိုင် မယ်လို့ယူဆရတယ်။ ဒရုန်းကိုပြန်ခေါ်လို့မရခဲ့ဘူး။ Jammer နဲ့ညိပြီး ဘာမှလုပ်လို့မရပဲ ရပ်တန့်ခဲ့တယ်။ ဒီနေ့မှာ တိုက်ခိုက်ခံရမှာကြောက်လို့ သူတို့ဘက်က အကုန်ပြင်ဆင် ထားတယ်။ အင်အားဖြည့်ပြီး ရယ်ဒီဖြစ်အောင်လုပ်ထားကြတယ်။ ကျွန်တော်တို့ သွားနေကြ နေရာတွေမှာလည်း နေရာ‌တွေလိုက်ယူထားတယ်” ဟု ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါစစ်ကောင်စီစစ်ဆေးရေးဂိတ်စခန်းမှာ တပ်မတော်နေ့တွင် တိုက်ခိုက်ခံရမည်ကို စိုးရိမ်သည့်အတွက် အနီးအနားရှိရာဘာခြံများတွင်မိုင်းထောင်ခြင်း၊ ကင်းပုန်းဝပ် စောင့်နေခြင်း၊ သေနတ်များပစ်ခတ်နိုင်ရန်အသင့်ပြင်ထားခြင်း၊ တပ်သားအင်အားအများ အပြားဖြည့်တင်းထားခြင်းများ ပြုလုပ်ထားကြောင်းလည်း သိရသည်။

စစ်ကောင်စီမှ အရေးကြီးသည့်တပ်စခန်းများတွင် ဒရုန်းစစ်ဆင်ရေးမပြုလုပ်နိုင်ရန် Jammer များတပ်ဆင်ထားနိုင်သည့်အတွက် မွန်ပြည်နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များမှလည်း ဒရုန်းစစ်ဆင်ရေးပြုလုပ်ပါက သတိထားကြရန်လည်း ရေးဘီလူးက သတိပေးထားသည်။

ဓာတ်ပုံ – ရေးဘီလူးအဖွဲ့မှ‌ ရေးတံတားကြီးစစ်ဆေးရေးဂိတ်အား ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ပုံ(ပုံအဟောင်းကို ပြန်လည်အသုံးပြုထားခြင်းဖြစ်သည်)။

#မွန်ပြည်နယ် #ရေးမြို့ #ရေးဘီလူး #ဒရုန်း #ဗုံးသီးချ #တပ်မတော်နေ့ #Ayeyarwaddy_Times