ဧရာဝတီတိုင်းမ်
မတ်လ ၂၇ ရက်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နှင့်အရာတော်မြို့နယ်အား ဆက်သွယ်ထားသည့် သမရိုးတံတားအား ဖြတ်ကူးနေသည့် စစ်ကောင်စီတပ်သားများအား မတ်လ ၂၄ ရက် ညနေ ၆ နာရီဝန်းကျင်တွင် Chindwin Attack Force နှင့်ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှ မုံရွာမြို့လာခဲ့စဉ်အချိန်၌ လုံခြုံရေးယူပေးခဲ့သည့် စစ်ကြောင်းမှတပ်သားများမှာ သမရိုးမှကတို့ကုန်းသို့ သမရိုးတံတားမှ ဖြတ်ကူးနေစဉ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၈ ဦးဝန်းကျင်သေဆုံးပြီး အများအပြားထိခိုက်ခဲ့ကြောင်း သိရသည်။

“မင်းအောင်လှိုင် မုံရွာလာချိန် လုံခြုံရေးလာပေးတဲ့ ရွှေဘိုကစစ်ကောင်စီတပ်တွေဗျ။ အင်အား ၃၀၀ လောက်ရှိတယ်၊ ၂၀၀ လောက်က ရွှေပန်းကုံးရွာကိုရောက်သွားပြီ။ အခုပစ်တဲ့အချိန်က ၁၀၀ လောက်ရှိမယ်။ သမယိုးကနေ ကတို့ကုန်းကို ကူးတဲ့အချိန်၀င်ဖြတ်တိုက်တာ။ တံတားက အရာတော်မြို့နယ်နဲ့၀က်လက်မြို့နယ်ကူးတဲ့တံတားပါ။” ဟု Chindwin Attack Force ပြန်ကြားရေးတာဝန်ခံမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှု ၁ နာရီခွဲကျော်ကြာဖြစ်ပွားခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ လုံခြုံစွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား မုံရွာခရိုင်ပြည်သူကာကွယ် ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၃၊ တပ်ခွဲ – ၃ ဂဠုန်နက် PDF၊ 9-One PDF၊ ယက္ခညီနောင် (LPDF)၊ ဒေါင်းညီနောင် (LPDF)၊ အောင်စစ်သည် မြွေပွေး (LPDF)၊ တိုက်နယ် 6 (ပကဖ)၊ AK 2 (ပကဖ)၊ Danger (ပကဖ)၊GENERATION DEFENCE FORCE AYADAW (ပကဖ)၊ တာနော (ပကဖ)နှင့် တော်လှန်ရေးတပ်အင်အားစုများ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Chindwin Attack Force နှင့် ပူးပေါင်းတပ်ဖွဲ့များသည် မတ်လ ၁၉ ရက်နေ့ကလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မုံရွာသို့ ရောက်ရှိနေချိန်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(မုံရွာ) အတွင်းသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း အဆိုပါအဖွဲ့ထံမှ သိရသည်။