နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ်လ ၂၇ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ရုရှားသမ္မတ ပူတင်လို ဖမ်းဝရမ်း မထုတ်သေးသည့်အပေါ် ပြည်တွင်းပြည်ပက မေးခွန်းထုတ်နေပြီး မြန်မာ့အရေးသည် ပြည်တွင်းရေးဖြစ်သည့်အတွက် အခြေအနေမတူသလို အဆိုပါတရားရုံး၏ ဖမ်းဝရမ်းကိုလည်း အကောင်အထည်ဖော်ပေးမည့် ရဲတပ်ဖွဲ့မရှိခြင်းက အဓိကလိုအပ်ချက်ဖြစ်နေကြောင်း လေ့လာသူများက ပြောသည်။
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ယူကရိန်းနိုင်ငံတွင် စစ်ရာဇဝတ်မှုများ ကျူးလွန်မှုအတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်အား ဖမ်းဝရမ်း ထုတ်ထားသော်လည်း ၎င်းနှင့် ပူးပေါင်းဆက်ဆံ၍ မြန်မာပြည်တွင်း၌ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပါအဝင် စစ်ရာဇဝတ်မှုများ နေ့စဉ်ကျူးလွန်နေမှု၏ အဓိကတာဝန်ရှိသူ စစ်ခေါင်းဆောင်ကိုမူ ယနေ့အချိန်ထိ ဖမ်းဝရမ်းထုတ်ခြင်း မရှိသေးပေ။
ယူကရိန်းပြဿနာသည် ဥရောပအသဲနှလုံး၏ ပြဿနာဖြစ်သောကြောင့် ဥရောပနိုင်ငံများ၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့အတွက် အရေးကြီးပြီး မြန်မာပြည်ပြဿနာသည် အရှေ့တောင်အာရှ ပြဿနာဖြစ်၍ ၎င်းတို့အနေဖြင့် အရေးမထားလည်း အကျိုးစီးပွါး မထိခိုက်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
“ဒါကြောင့်မို့ ဒီအနေအထားအောက်မှာ ယူကရိန်းနဲ့ ပတ်သက်တဲ့ကိစ္စကို သူတို့က လက်ကုန်ကူညီနေကြပေမယ့် မြန်မာပြည်နဲ့ ပတ်သက်တဲ့ အခါမှာတော့ မတိုးသာမဆုတ်သာ အနည်းအကျဉ်းကူညီတာ၊ စိတ်ပူပန်မှုပြတာ ဒါတွေလောက်ပဲ ရှိတာပေါ့။ ပထဝီနိုင်ငံရေး အခြေအနေအရ နေရာဒေသက တူမှမတူပဲကိုး။ နောက်တစ်ခုက ယူကရိန်းက ကျူးကျော်ခံရတာ၊ ရုရှားကနေ ဝင်ရောက်ကျူးကျော် သိမ်းပိုက်ဖို့ ကြိုးပမ်းနေတဲ့ကိစ္စ မြန်မာပြည်မှာ ဖြစ်နေတာက မြန်မာပြည်စစ်တပ်က မြန်မာပြည်သူလူထုကို ပြန်ပြီးအကြမ်းဖက် သတ်ဖြတ်နေတာ အခြေအနေတွေ မတူပါဘူး။ အခြေအနေမတူတဲ့အတွက် သူတို့ရဲ့ အလေးထားမှုနဲ့ ပံ့ပိုးမှုတွေက မတူဘူးလို့ ယူဆပါတယ်” ဟု ၎င်းက ပြောသည်။
စစ်ခေါင်းဆောင်နှင့် အပေါင်းအပါများကို နိုင်ငံတကာ တရားရေးရာအဖွဲ့များမှတဆင့် မကြာခင် တရားစွဲဆို အပြစ်ပေးနိုင်တော့မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက မတ်လ ၂၁ ရက်တွင် ပြုလုပ်သည့် (၁၁)ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့သည်။
“ICC ရဲ့ လုပ်ထုံးလုပ်နည်းတွေက အလွန်ရှည်လျားပါတယ်။ သို့သော် လောကမှာ မဖြစ်ရင် ဘာမျှမဖြစ်ဘူး။ ဖြစ်လာရင်လည်း ဘာမှ လုပ်လို့ မရတော့ဘူးဆိုတာ မင်းအောင်လှိုင်စစ်တပ်ရဲ့ လက်သုံးစကားဆိုတော့ကာ ဖြစ်လာခဲ့သည်ရှိသော် မင်းအောင်လှိုင် စစ်တပ်အတွက် မိုးပြိုကိန်းဖြစ်ပြီး မြန်မာပြည်သူ လူထုအတွက် သားရွှေအိုးထမ်းတဲ့ကိန်းမို့ ပြည်သူတွေ စိတ်ရှည်ရှည်နဲ့ စောင့်စားနိုင်ပါစေပဲ ကျွန်တော်
ဆုတောင်းပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့ရှေ့နေများ သမဂ္ဂအဖွဲ့ချုပ် (NPLUF) အဖွဲ့မှ တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
“အဲဒီ(ဖမ်းဝရမ်း) ထုတ်ပြန်ချက်ကြောင့် ပူတင်ကို ဖမ်းလို့လည်း မရဘူး။ ဘာလို့ဆိုတော့ ပူတင်မှာ လုံခြုံရေးက အပြည့်ရှိတာကိုး။ ဒီ ICC မှာက သူ့ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ပေးမယ့် ယန္တရားနဲ့ အင်အားမရှိပါဘူး။ ဒါကြောင့်မို့ ဒီဆုံးဖြတ်ချက်ဟာလည်း ပူတင်ကို အာဏာရှင်တစ်ယောက်အနေနဲ့ စွဲချက်တင်၊ ဂုဏ်သိက္ခာ ကျရုံကလွဲလို့ ဘာမှထူးခြား ထိရောက်တဲ့ ဆုံးဖြတ်ချက်မဟုတ်ဘူးလို့ ကျွန်တော်ပြောချင်ပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
ကမ္ဘာ့ရာဇဝတ်တရားရုံးဟု ခေါ်ဆိုနိုင်သည့် ICC ၏ အဓိကလိုအပ်ချက်သည် ဖမ်းဝရမ်းကို အကောင် အထည်ဖော်ပေးမည့် ရဲတပ်ဖွဲ့မရှိခြင်းဖြစ်ပြီး ယေဘုယျအားဖြင့် ပူတင်သည် ရာဇဝတ်မှုဖြင့် အရေးယူခံရခြင်းမှ ကင်းလွတ်နေသည်ဟု တွေးထင်စရာရှိသော်လည်း အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးအခြေအနေအရ ရုရှားသမ္မတဖြစ်ရုံမက စင်္ကြာဝတေးမင်း ဖြစ်နေပါစေ ICC ဝရမ်းမှ ကင်းလွတ်ခွင့်မရှိကြောင်း၊ ၎င်းအနေဖြင့် အင်တာပိုအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံကို ထွက်ခွာခဲ့လျှင် ICC ၏ ဝရမ်းကို ထိုနိုင်ငံရှိ ရဲတပ်ဖွဲ့မှ အချိန်မရွေး အကောင်အထည်ဖော် ဖမ်းဆီးနိုင်သည်ဟု ဆိုသည်။
စစ်ခေါင်းဆောင်နှင့် အပေါင်းအပါများသည် ကုရာနတ္ထိ ဆေးမရှိတော့သည့် အခြေအနေဖြစ်နေပြီး ရုရှားသမ္မတ ပူတင်နှင့်အတူ အမှားလမ်းကို ထပ်ချပ်မခွာ လိုက်သွားတော့မည့်ကို ၎င်းတို့ကိုယ်တိုင် ထုတ်ပြနေကြောင်း၊ မသူတော် အချင်းချင်းပေါင်းသင်း၍ ကမ္ဘာ့ကြိုးစင်ပေါ် အတူတူတက်နေသည့် အခြေအနေဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။
“ပူတင်လိုပဲ ဘာမှတိုက်ရိုက်လုပ်လို့မရဘူး၊ အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖြုတ်ချပြီးတော့ ဖမ်းဆီးတာ၊ တရားရုံးတင်တာ စသဖြင့်လုပ်ငန်းတွေ လုပ်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီတော့ ICC ဆုံးဖြတ်ချက်ကလည်း ကုလ သမဂ္ဂရဲ့ အခြားသော ဆုံးဖြတ်ချက်တွေ လိုပါပဲ။ သင်္ကြန်အမြောက်ပဲ ဖြစ်တယ်လို့၊ သိက္ခာကျ ရုံကလွဲလို့ရှိရင် ဘာမှထိရောက်တဲ့ ဆုံးဖြတ်ချက်တွေ မဟုတ်ဘူးလို့ ကျွန်တော်ကတော့ ယူဆပါတယ်ဗျ။ နိုင်ငံတကာမှာ အင်အားအကြီးဆုံး အင်အားစုတွေရဲ့ သဘောထားပေါ်မှာ အဓိကတည်တာပေါ့။ အခုက နိုင်ငံတကာမှာ အင်အားရှိနေတဲ့ အင်အားကြီးနိုင်ငံတွေရဲ့ သဘော ထားကိုက တစ်မျိုးဖြစ်နေတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
မင်းအောင်လှိုင်လို အာဏာရှင်စနစ် ကျင့်သုံးနေသည့် အင်အားစုများကို ထောက်ခံနေသော ရုရှား၊ တရုတ်တို့လို အင်အားစုများရှိသလို ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးအတွက် ဆောင်ရွက်ပံ့ပိုးပေးမည်ဆိုသည့် အမေရိကန်နှင့်အနောက်ဥရောပနိုင်ငံများလည်း ရှိနေကြကြောင်း၊ ထို့ကြောင့် အင်အားကြီးနိုင်ငံများထဲ နှစ်ခြမ်းကွဲနေသည့်အတွက် ယခုလိုပြဿနာများ တိုက်ရိုက်ပါဝင်ဖြေရှင်းရန် ကုလသမဂ္ဂတွင် လုပ်အားမရှိကြောင်း ဦးသန်းစိုးနိုင်က ဆိုသည်။
“ဒါကြောင့်လည်း ကုလသမဂ္ဂက ဒီပြဿနာတွေနဲ့ ပတ်သက်လို့ အာဆီယံ၊ အရှေ့တောင်အာရှကို ဆုံးဖြတ်ဖို့ တင်ပြနေတာ ဖြစ်ပါတယ်။ သူ့ (ကုလသမဂ္ဂ)အနေနဲ့ ဒီဟာတွေနဲ့ ပတ်သက်လို့ ဘာမှတာဝန်ယူ ဆောင်ရွက်နိုင်တဲ့ အခြေအနေမရှိပါဘူး။ လူ့အခွင့်အရေးကောင်စီကလည်း ဖြစ်နေတဲ့ ပြဿနာတွေရဲ့ အခြေအနေကို ပြောပြတာပဲ ရှိပါတယ်။ လက်တွေ့အရေးယူနိုင်တာ မရှိပါဘူး။ အနည်းဆုံး မြန်မာပြည်မှာ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ရေး ဆိုတာမျိုးတောင်မှ ဆုံးဖြတ်ချက်ချနိုင်တဲ့ အခြေအနေမရှိပါဘူး။ အဲတော့ ကိုယ့်ပြဿနာ ကိုယ့်ဘာသာကို ရှင်းရမယ့် အခြေအနေပဲ ဖြစ်တယ်လို့ပဲ ခြုံပြောရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
#စစ်ခေါင်းဆောင် #ဖမ်းဝရမ်း #ထုတ်နိုင်မထုတ်နိုင် #Ayeyarwaddy_Times