ဧရာ၀တီတိုင်းမ်
မတ်လ ၂၇ ရက်

နေပြည်တော်တွင် စစ်ကောင်စီ၏ (၇၈) နှစ်မြောက် တပ်မတော်နေ့အခမ်းအနားကျင်းပပြုလုပ်ရန် ပြင်ဆင်နေသည့် စစ်ရေးပြကွင်းကို ၁၀၇ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ၍ အဆိုပါ အခမ်းအနားသို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ မိန့်ခွန်းပြောရန် မသေချာဟု စစ်ကောင်စီ အသိုင်းအဝိုင်းနှင့် နီးစပ်သူများ ထံကသိရသည်။

ယမန်နေ့ မတ်လ ၂၆ ရက်နေ့ ညပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေရှိ စစ်ရေးပြကွင်းကို ရှော့တိုက်ဒုံး လေးလုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ယင်းကွင်းတွင် အခမ်းအနားအတွက်ပြင်ဆင်နေသည့် စစ်ကောင်စီတပ်သားများ လုံခြုံရေးများတိုးမြှင့်ချ ထားသည့်အတွက် ထိခိုက်မှုများရှိနိုင်ကြောင်း နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NPT-PDF) ထံက သိရသည်။

“မစ်ရှင်က နှစ်နေရာပါ။ စစ်ရေးပြကွင်းနဲ့ လေယာဉ်ကွင်းကိုပါ။ ၁၀၇ ရှော့တိုက်ဒုံး လေးလုံးနဲ့ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူး”ဟု NPT-PDF တပ်ဖွဲ့တာ၀န်ရှိသူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဖက်ဆစ်တော်လှန်ရေးနေ့အစား စစ်ခေါင်းဆောင်များ ပြောင်းလဲခေါ်ဝေါ်ခဲ့သည့် တပ်မတော်နေ့ အခမ်းအနားကို ကျင်းပရန် နာရီပိုင်းသာလိုသည့်အချိန်တွင် ယခုကဲ့သို့ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောရန် မသေချာကြောင်း နေပြည်တော်ရှိ စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦးက အခုလိုပြောသည်။

“စစ်ခေါင်းဆောင်က အခမ်းအနားကို တက်မယ်မထင်ဘူးဗျ။ နာရီပိုင်းအလိုမှာ ခုလို ဖြစ်စဉ်ဖြစ်သွားတော့ သိပ်မထင်ဘူး။ ဘာလုပ်လုပ် ဗေဒင်ယတြာနဲ့လုပ်တဲ့သူဆိုတော့ ခုလိုကိစ္စကြီးကို လက်လွတ်စပယ် တက်ရောက်မယ် မထင်ဘူး”ဟု တပ်တွင်း နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယခုကဲ့သို့ ရှော့တိုင်းဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းသည် “လုပ်တဲ့အတိုင်းပြောပြီး ပြောတဲ့အတိုင်းလုပ်ပြသွားတဲ့ စစ်အာဏာရှင်စနစ်ကို ဘ၀ရော အသက်ပါ စွန့်လွှတ် တော်လှန်ပြခဲ့တဲ့ ကျွန်တော်တို့ခေတ်ရဲ့ သူရဲကောင်း ကိုဇေယျာသော် အတွက် ဂုဏ်ပြုမွေးနေ့လက်ဆောင်အနေနဲ့ မတ်လ ၂၆ ရက်နေ့ (ကိုဇေယျာသော် မွေးနေ့)နေ့မှာ အထူးစစ်ဆင် ရေးအနေနဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်”ဟု ပစ်ခတ်တိုက်ခဲ့သည့် တော်လှန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

#နေပြည်တော်စစ်ရေးပြကွင်း #တပ်မတော်နေ့ #ရှော့တိုက်ဒုံး #ပစ်ခတ် #စစ်ခေါင်းဆောင် #ကိုဇေယျာသော် #မွေးနေ့ #Ayeyarwaddy_Times