ဧရာ၀တီတိုင်းမ်
မတ်လ ၂၆ ရက်

အာဏာသိမ်းစစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF များနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ – EROs တချို့ကို “လေပူဖောင်း”ဟု အမည်ပေးထားသည့် လေကြောင်းစစ်ဆင်ရေးတစ်ခု ပြုလုပ်၍ ထိုးစစ်ဆင် တိုက်ခိုက်သွားရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။

အဆိုပါ “လေပူဖောင်း”စစ်ဆင်ရေးအတွက် မတ်လ ၂၃ ရက်နေ့မှစတင်၍ နေပြည်တော်၊ ရန်ကုန်၊ တောင်ငူ၊ မန္တလေး၊ ပုသိမ်၊ မကွေး၊ မိတ္ထီလာအစရှိသည့် ဒေသအနှံ့အပြားရှိ လေတပ်စခန်းများမှ တိုက်ခိုက်ရေးလေယာဉ် အုပ်စုမှ လေယာဉ်မှူးများကို စစ်ဆင်ရေးအတွက် အသင့် အနေအထားဖြင့် အမိန့်စောင့်ဆိုင်းရန် ညွန်ကြား ထားခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းရှိ လေတပ်နှင့်နီးစပ်သော တပ်တွင်းသတင်းရင်းမြစ်များထံက သိရသည်။

“စစ်ဆင်ရေးကို လေပူဖောင်းဆိုပြီး နာမည်ပေးထားတယ်။ တိုက်ခိုက်ရေးတိုက်လေယာဉ်အုပ်စုတွေကို အဓိကထား ပျံသန်းလေ့ကျင့် ခိုင်းထားတာ။ ပြီးတော့ လေယာဉ်မှူးတွေကို တနေရာထဲမှာ စုထားပြီး စခန်းသွင်း လေ့ကျင့်သလိုမျိုးကို ထားထားတယ်။ စစ်ဆင်ရေးကို မနက်ဖြန် (တပ်မတော်နေ့) မနက်အစောပိုင်း နံနက် ၂ နာရီမှာစပြီး ဗုံးကြဲဖို့ အချိန် သိတ်မှတ်ထားတယ်”ဟု ရန်ကုန်တိုင်းရှိ လေတပ်နှင့်နီးစပ်သော တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များ၏ညွန်ကြားချက်ဖြင့် အဆိုပါ “လေပူဖောင်း”စစ်ဆင်ရေးဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း မကွေးလေတပ်နှင့်နီးစပ်သည့် တပ်တွင်း သတင်းရင်းမြစ်တစ်ဦးကလည်း ပြောဆိုသည်။

“စစ်ဆင်ရေးရဲ့အဓိကပစ်မှတ်က စစ်ကိုင်းနဲ့ ချင်းလို့တော့ အကျဉ်းဖျဉ်းသိရတယ်။ အခုက ပိုင်းလော့ (လေယာဉ်မှူး) တွေကို ဘာအချက်အလက်မှ ကြိုမပေးဘူး။ စစ်ဆင်ရေးထွက်ခါနီးကျမှပြောတာ”ဟု မကွေးလေတပ်နှင့် နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။

ယခုသတင်းနှင့်ပတ်သတ်၍ ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့် တပ်တွင်း စစ်ဘက်သတင်းရင်းမြစ်များ၏ပြောဆိုချက်ကိုသာ ရရှိထားပြီး အခြားသောသတင်းရင်းမြစ်များထံမှ အတည်ပြုချက်များ ရရှိနိုင်ရန် ကြိုးပမ်းနေဆဲ ဖြစ်သည်။

စစ်ကောင်စီအနေဖြင့် တပ်မတော်နေ့တွင် စစ်တပ်အင်အားပြသရန်အတွက် ၎င်းတို့အသာစီးရထားသော လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်စစ်ဆင်ရေး ပြုလုပ်ရန်မှာဖြစ်နိုင်ကြောင်း CDM တပ်မတော် အရာရှိများက သုံးသပ်ပြောဆိုသည်။

“ယခင်ကတည်းက လေကြောင်းနဲ့ CNF ဌာနချုပ်ကို ပလိန်းကြီး ဗုံးကြဲခဲ့တာမျိုးလည်း ရှိခဲ့တော့ တပ်မတော်နေ့မှာ အင်အားပြလိုတဲ့သဘောနဲ့ ချင်းတို့၊ စစ်ကိုင်းတို့လိုနေရာမျိုးကို ဗုံးကြဲတိုက်ခိုက်တာမျိုး လုပ်လာနိုင်တယ်။ ပေါ့ဆလို့တော့ မသင့်ဘူး။ ပြီးတော့ လေကြောင်းမှာ သူတို့ခံပစ်နိုင်တဲ့လက်နက်မရှိတာ သိနေတဲ့အတွက် သူတို့အသာစီးရနေတဲ့စစ်ရေးနဲ့ တပြိုင်ထဲ တိုက်ခိုက်တာမျိုး လုပ်လာနိုင်တယ်”ဟု လေကြောင်းရန်ကာကွယ်ရေးတပ်မှ CDM ဗိုလ်ကြီးတစ်ဦးက ပြောသည်။

ဓာတ်ပုံ – တပ်မတော် (လေ)
#လေပူဖောင်း #စစ်ဆင်ရေး #လေကြောင်း #ထိုးစစ် #စစ်ကိုင်း #ချင်းပြည်နယ် #Ayeyarwaddy_Times