ဧရာဝတီတိုင်းမ်
မတ်လ ၂၆ ရက်
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့မှာ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးရှင်းလင်းခံရပြီးနောက်ပိုင်း ဖမ်းဆီးခံရသူ ၁၀ ဦးထိရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီခန့် အင်းဖျားကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းစန်းကို မတ်လ ၂၂ ရက်နေ့က တော်လှန်ရေးအင်အားစုတွေက ပစ်ခတ်ရှင်းလင်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ဒေသခံတွေကို စွပ်စွဲဖမ်းဆီး တာတွေပြုလုပ်နေတာလို့ဒေသခံတွေက ပြောပါတယ်။
”ရွာဘက်တွေမှာ ညတိုင်းလို့ဧည့်စာရင်းစစ်ပြီး ဝင်ဖမ်းနေတာ၊ လူငယ်တွေအဖမ်းခံရတာများတယ်။ တချို့လူငယ်တွေဆို တခြားမြို့မှာသွားတိမ်းရှောင်နေရတာတောင်ရှိတယ်”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို ကျုံပျော်မြို့ပြပြောက်ကျားတပ်ဖွဲ့ကရှင်းလင်းခဲ့တာဖြစ်ပြီး အဖွဲ့ဝင် အားလုံးကတော့ ဘေးကင်းရာကိုရောက်ရှိနေပြီဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ခုလိုမျိုး ဒေသခံပြည်သူတွေအပေါ်စစ်ကောင်စီတပ်က စွပ်စွဲဖမ်းဆီးတာတွေနဲ့ပတ်သက်ပြီးလည်း များစွာ စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။