ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ မတ်လ ၂၆

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ (LLPDF) စခန်းတစ်ခု ပြီးခဲ့တဲ့ တစ်ပတ်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက် စီးနင်းသိမ်းပိုက်၍ မီးရှို့ဖျက်ဆီးတာခံခဲ့ရတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ထုတ်ပြန်ထားပါတယ်။

မတ်လ( ၁၈ )ရက် နေ့လည် (၁၂ )နာရီခန့်အချိန်က စစ်ကောင်စီတပ်များမှ လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်စခန်းတည်နေရာအနီးကို လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တယ်လို့ PDF ရဲဘော် တစ်ဦးမှဆိုပါတယ်။

” စခန်းကို သူတို့ အင်အား (၁၀၀ )ကျော်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတယ်။ ကျွန်တော် တို့ဖက်က လက်နက်ချင်းလည်းမျှဘူး၊၊အင်အားချင်းလည်း မမျှလို့ နောက်ဆုတ်ပေးခဲ့ရပါတယ်”လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

LLPDF စခန်းစီးနင်းခံရမှုကြောင့် တဲ (၅ )လုံးနှင့်ရိက္ခာ အနည်းငယ်တို့အား စစ်ကောင်စီတပ်မှမီးရှို့ဖျက်ဆီးသွားပြီး လက်လုပ်ဘောက်ကာ (၁၀) လက်ကိုလည်း ရှာဖွေ သိမ်းဆည်းသွားတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့ကလည်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) စခန်းကို စစ်ကောင်စီတပ်များမှ ဝင်ရောက်စီးနင်းသိမ်းပိုက်၍ မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ဓာတ်ပုံ- LLPDF စခန်း မီးရှို့ဖျက်ဆီးခံရစဥ်