ဧရာဝတီတိုင်းမ်
မတ်လ ၂၆ ရက်
ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး တင်ဇော်ထွန်းရဲ့ ပုသိမ်မြို့၊ အမှတ် ၃ ရပ်ကွက်မှာရှိတဲ့ နေအိမ်မှာ တော်လှန်ရေးအင်အားစုတွေရဲ့ ပစ်ခတ်တိုက်ခိုက်ခံရမှာကြောက်လို့ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးခန့် ကင်းချထားတယ်လို့ သိရပါတယ်။
ပုသိမ်မြို့က တိုင်းရဲတပ်ဖွဲ့မှူးနေထိုင်တဲ့ အိမ်ရဲ့လမ်းထိပ်မှာ ယာဥ်ထိန်းရဲ ၂ ဦး ပစ်ခတ်ရှင်းလင်းခံရပြီးနောက်ပိုင်းမှာ လူအင်အားနဲ့ လက်နက်အင်အားဖြည့်တင်းထားလိုက်တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက ပြောပါတယ်။
“သူက တိုင်းရုံးနဲ့သိပ်မဝေးပေမယ့် သီးခြားနေရာလို့ ဖြစ်နေတော့ လုံခြုံရေးတင်းကြပ်ထားပုံရတယ်၊ အရင်ကဆို သိပ်မရှိဘူး ခုဆို သူအိမ်ဘေးကသွားရင်တောင် မြင်နေရတယ် ရဲတွေအများကြီး သေနတ်တွေနဲ့ရှိနေတယ်”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဧရာဝတီတိုင်းမ်သတင်းဌာနရဲ့ စုံစမ်းမှုအရ တိုင်းရဲတပ်ဖွဲ့မှူး တင်ဇော်ထွန်းရဲ့ နေအိမ်ခြံဝင်းအတွင်းမှာ ရဲတပ်ကြပ်ကြီးဦးစီးပြီး ရဲတပ်သား ၁၀ ဦးထိရှိကာ နေအိမ်ခြံပေါက်ဝ ဂိတ်နဲ့ ခြံဘေးကို အလှည့်ကျကင်းစောင့်ခိုင်းလေ့ရှိတယ်လို့ သိရပါတယ်။
ဒါ့ပြင် ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူး တင်ဇော်ထွန်းဟာ နေအိမ်မှာ လုံခြုံရေး ၁၀ ယောက်ထိအသုံးပြုထားတဲ့အပြင် ခရီးသွားလာရတဲ့အခါမှာလည်း ကားနောက်ခန်းမှာ ရဲ ၄ ဦးအထိ လုံခြုံရေးခေါ်သွားလေ့ရှိတယ်လို့ ဆိုပါတယ်။
#ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးနေအိမ် #ဗုံးပစ်ခံရမှာကြောက်လို့ #ကင်းချထားရ
#Ayeyarwaddy_Times