ဧရာဝတီတိုင်းမ်
မတ်လ ၂၆ ရက်
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် သဲခုံကျေးရွာတွင် လူဦးရေ ၁၇၀၀ ကျော် သောက်သုံးရေ အခက်အခဲ ပြဿနာနှင့် ရင်ဆိုင် ကြုံတွေ့နေရပြီး နောက်ဆက်တွဲ ဆိုးကျိုး ရောဂါဝေဒနာများလည်း ခံစားနေရကြောင်း ရွာသားများက ပြောသည်။
သဲခုံ ကျေးရွာသည် စစ်တွေမြို့၏ အရှေ့ဘက်ကမ်းတွင် တည်ရှိပြီး အိမ်ခြေ ၄၀၀ ကျော် အခြေချနေထိုင်ကာ တံငါ လုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင် စားသောက်နေကြသည့် ကျေးရွာတစ်ရွာ ဖြစ်သည်ဟု ဆိုသည်။
သဲခုံ ကျေးရွာသားများမှာ ဆားငန်ရေများ ဝင်ရောက်နေသည့် ရေတွင်းများက ရေကို သုံးစွဲနေကြရခြင်း ဖြစ်ပြီး နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် အရေပြား ယားယံမှု ဝေဒနာနှင့် ဝမ်းပျက် ဝမ်းလျှော ရောဂါများကိုလည်း ခံစား နေကြရကြောင်း သိရသည်။
အဆိုပါ အခက်အခဲ ပြဿနာများကို သက်ဆိုင်ရာ အာဏာပိုင်များက တာဝန်ယူ ဖြေရှင်းပေးမှုမရှိဘဲ လျစ်လျူရှု ထားကြောင်း ရွာသားများက ပြောဆိုသည်။
ထိုသို့အခက်အခဲများနှင့် ရင်ဆိုင်နေရသည်မှာ ၆ လနီးပါးအထိ ကြာမြင့်လာနေသော်လည်း သက်ဆိုင်ရာ အာဏာပိုင်များ အနေဖြင့် ကျေးရွာသို့ လာရောက်ကြည့်ရှုမှု တစ်ကြိမ်မျှ မရှိသေးကြောင်း ကျေးရွာ လူကြီးများကလည်း ဧရာဝတီတိုင်းမ်ကို ပြောပြသည်။
ကျေးရွာလူကြီး တစ်ဦးဖြစ်သည့် ဦးစိန်လှဦးက“ရေကိစ္စနဲ့ ပတ်သက်လို့ မီဒီယာတိုင်းလိုလိုမှာ အကူအညီ တောင်းခံတဲ့ စကား ပြောခဲ့တယ်။ ဒါပေမယ့် အစိုးရဘက်က ဘာမှ လုပ်ပေးတာမရှိဘူး။ အမှန်ဆို ဒီကိစ္စတွေက အစိုးရမှာ တာဝန်ရှိသလို အစိုးရကပဲ ဖြေရှင်းပေးနိုင်မယ့် ကိစ္စပါ။ ဒါပေမယ့် အစိုးရက အခုလို လျစ်လျူရှုထားတော့ ကျနော်တို့ ပြည်သူတွေလည်း အားငယ်လာတာပေါ့”ဟု ပြောသည်။
အရေပြားရောဂါနှင့် ဝမ်းပျက် ဝမ်းလျှော ဖြစ်နေသူများအား ကျန်းမာရေးဌာနမှ ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်း တစ်ကြိမ် လာရောက် ကြည့်ရှုခဲ့ပြီး ဆေးဝါးပစ္စည်း တချို့ ပေးထားခဲ့ကြောင်းလည်း သိရသည်။
လက်ရှိတွင် ကျန်းမာရေးဌာနက ပေးခဲ့သော ဆေးဝါးသုံးစွဲမှုကြောင့် ဒေသခံတချို့မှာ ပြန်လည် သက်သာစပြုလာပြီ ဖြစ်သော်လည်း သောက်သုံးရေ မသန့်ရှင်းသေးသည့် အတွက် ပြန်လည် ဖြစ်ပွားလာမည်ကို ရွာသားများက စိုးရိမ်နေကြသည်။
သဲခုံရွာသား တစ်ဦးက“ဒီရေတွေကို ဆက်သုံးနေသရွေ့တော့ ဒီရောဂါတွေက ဖြစ်နေမှာပဲ။ ဘယ်လောက်ငန်သလဲ ဆိုရင် တနှစ်ဝတ်ရမယ့် အဝတ်အစားတခု ၆ လ လောက်နဲ့ ဆွေးသွားတယ်။ တချို့ ရေချိုဒေသတွေမှာတောင် နွေရာသီ ရောက်ရင် ရေခမ်းခြောက်တာတွေ၊ ရေမသန့်ရှင်းတာ ဖြစ်လာပြီး ဝမ်းရောဂါတွေ ဖြစ်တတ်ကြတယ် ဆိုတော့ ကျနော်တို့ ရွာတွေဆို ပိုဆိုးလာနိုင်တာပေါ့။ လောလောဆယ် သောက်ရေကိုတော့ အနီးအနားရွာတွေက ဝယ်သောက်ကြတယ်။ ဆင်းရဲတဲ့သူလည်း ဝယ်သောက်၊ ပိုက်ဆံရှိတဲ့သူလည်း ဝယ်သောက်နေရတယ်။ သုံးရေကတော့ ဆားငန်ရေပဲ ဆက်သုံး နေကြဆဲပါ”ဟု ပြောပြသည်။
ယင်းကြောင့် သဲခုံကျေးရွာ တရွာလုံးအား ရေပေးဝေနိုင်မည့် ရေလှောင်ဆည်ငယ် တစ်ခု တည်ဆောက်ပြီး ပိုက်များ သွယ်၍ ရေပေးဝေရန် ရွာသူ ရွာသားများက တောင်းဆိုနေကြသည် ဟုလည်း ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ အတွင်း ရခိုင်က မြို့နယ်တချို့တွင် မုန်တိုင်းတိုက်ခတ်ခဲ့ပြီး အဆိုပါ မုန်တိုင်းကြောင့် ပင်လယ်နှင့် နီးသည့် သဲခုံကျေးရွာ အတွင်းသို့ ဆားငန်ရေများ ဝင်ရောက်ခဲ့သဖြင့် ကျေးရွာအတွင်းရှိ ရေတွင်းများမှာ မသန့်ရှင်းတော့ခြင်း ဖြစ်ကြောင်း သိရသည်။
သဲခုံကျေးရွာ အခက်အခဲ ပြဿနာနှင့် ပတ်သက်ပြီး ပြည်နယ် ကောင်စီဘက်မှ တာဝန်ယူ ဖြေရှင်းပေးမည့် အစီအစဉ် ရှိ မရှိ သိရှိနိုင်ရန် အတွက် ပြည်နယ် စစ်ကောင်စီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကို ဧရာဝတီတိုင်းမ်က ဆက်သွယ် မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။
အလားတူ မြောက်ဦးမြို့ပေါ်ရှိ မြို့ဥခေါင်း စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တချို့လည်း နွေရာသီ ရေခမ်းခြောက်မှု နှင့် အတူ ရေမသန့်ရှင်းမှုကြောင့် အရေပြား ယားယံသည့် ရောဂါဝေဒနာ ခံစားကြရကြောင်း သိရသည်။
#Ayeyarwaddy_Times