နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၆ ရက်

 

စစ်ကော်မရှင်၏ မြို့နယ်ရွေးကောက်ပွဲကော်မရှင်(UEC) အဖွဲ့ဝင်တစ်ဦးကို စလင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (စလင်း-PDF) များ ဖမ်းဆီးခဲ့ပြီးနောက် အပြစ်ပေး အရေးယူသွားမည်ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)က ယမန်နေ့ နိုဝင်ဘာ ၁၅ ရက်နေ့ ညပိုင်းက ထုတ်ပြန်ပြောဆိုထားသည်။

 

မကွေးတိုင်း၊ စလင်းမြို့နယ်သည် NUG ၏ စိုးမိုးထိန်းချုပ်နယ်မြေဖြစ်ပြီး စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ဦးဆောင်ဦးရွက်ပြုနေသည့် မြို့နယ် UEC အဖွဲ့ဝင် ဦးသက်ဝေထွန်းအား ပြည်သူများ သတင်းပေးပို့ ပူးပေါင်းမှု ဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖမ်းဆီးရမိထားသူ ဦးသက်ဝေထွန်းသည် မြို့ခံတစ်ဦးဖြစ်သလို တရားလွှတ်တော် ရှေ့နေတစ်ဦး လည်းဖြစ်ပြီး အာဏာ သိမ်း စစ်ကော်မရှင်၏ ရွေးကောက်ပွဲတွင် ဦးဆောင်ပါဝင်နေခြင်းသည် ပြည်သူများအား အကြမ်းဖက်မှု မြောက်နေကြောင်း NUG ထံမှ သိရသည်။

ထို့ကြောင့် စစ်ကော်မရှင် လက်အောက်ခံ ၎င်းကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူအပြစ်ပေးနိုင်ရန် စလင်းမြို့နယ် တရားရေးအဖွဲ့တွင် တရားရေး လုပ်ထုံးလုပ်နည်းအတိုင်း စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း NUG က ထုတ်ပြန်ဖော်သည်။

 

NUG အနေဖြင့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရန် ယခုနှစ် ဩဂုတ် ၂၄ ရက်က ထုတ်ပြန်ထားသလို နိုဝင်ဘာ ၆ ရက်ကလည်း ထိုရွေးကောက်ပွဲအတွက် အတင်းအကြပ် မဲပေးစေခိုင်းသူများကို တိုင်ကြားနိုင်ရန် အသိပေးထားသည်။

 

အဆိုပါ ရွေးကောက်ပွဲအတွက် မည်သူမဆို ပြည်သူအား မဲထွက်ပေးရန်၊ ကြိုတင်မဲပေးရန် တနည်း နည်းဖြင့် ခြိမ်းခြောက်အကျပ်ကိုင်လာပါလျှင် ကျူးလွန်မှုအပေါ် မူတည်၍ ဖမ်းဆီးကာ အရေးယူသွားမည်ဖြစ်ကြောင်း NUG ၏ ထုတ်ပြန်ထားသည်။

ယင်းအတွက် NUG သို့ Telegram – https://t.me/publicnugmohai မှတဆင့် တိုင်ကြားနိုင်၍ သိလိုသည်များ မေးမြန်းရန်နှင့် အကြံဉာဏ်တောင်းရန် Telegram – https://t.me/nugpublicaffairsbot ကို နေ့စဉ် ည ၈ နာရီမှ ည ၁၀ နာရီအထိ လက်ခံဆောင်ရွက်နေကြောင်း သိရသည်။

 

စစ်ကော်မရှင်ကမူ စလင်းမြို့၊ ပေါင်းနားရပ်ကွက်နေ မြို့နယ် UEC အဖွဲ့ဝင် ဦးသက်ဝေထွန်းသည် ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်က စလင်းမှ ဆင်ဖြူကျွန်းမြို့သို့ ဆိုင်ကယ်ဖြင့်သွားစဉ် ဆုတ်လေဦးလမ်းဆုံ၌ PDF များ ဖမ်းဆီးသွားကြောင်း ထုတ်ပြန်ထားသည်။

 

ထို့ကြောင့် စစ်ကော်မရှင်က ဖမ်းဆီးသွားသည့် စလင်း PDF များကို နိုဝင်ဘာ ၃ ရက်တွင် ဆင်ဖြူကျွန်းနယ်မြေရဲစခန်း၌ (ပ)၁၃/၂၀၂၅၊ ၎င်းတို့၏ ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(ခ) ဖြင့် အမှုဖွင့်ထားကြောင်း စစ်ကော်မရှင်က ဆိုသည်။

 

ဓာတ်ပုံ-NUG