ဧရာဝတီတိုင်းမ်
မတ်လ ၂၅ ရက်.

ဧရာဝတီတိုင်း ၂၆ မြို့နယ်ရှိ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီမှ ခန့်အပ်ထားသည့် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ၁၀၀၀ ကျော်အား ဖေဖော်လလယ်ခန့်မှ စတင်၍ အသစ်ပြောင်းလဲခန့်အပ်နေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

လက်ရှိတွင် အုပ်ချုပ်ရေးမှူးအသစ်အဖြစ် လျှောက်ထားသူများအနေဖြင့် ရပ်ကွက်နှင့် ကျေးရွာ ဒေသအလိုက် ကျပ်သိန်း ၂၀ မှ ၃၀ ကျော်အထိ မြို့နယ်အုပ်ချုပ်ရေးမှူးကို ပေးရကြောင်း ပုသိမ်မြို့နယ် စစ်ကောင်စီနှင့် နီးစပ်သူများက ပြောသည်။

“ပြီးခဲ့တဲ့ လလယ်လောက်ကတည်းက အုပ်ကြီးတွေ အပြောင်းအလဲလုပ်နေတာ။ ဒီရက်ပိုင်းဆို ဇလွန်၊ ကြံခင်း၊ မြန်အောင်ဘက်တွေ ချိန်းတယ်။ ပုသိမ်တစ်မြို့နယ်ထဲတောင် ၈၀ ကျော်ရှိတာ။ ကျန်မြို့နယ်တွေမှာလည်း ၄၀ ၅၀ ဝန်းကျင်က အနည်းဆုံးပဲ။ အားလုံးပေါင်းရင် ၁၀၀၀ ကျော်လောက်ရှိမယ်။ အသစ်ဝင်မယ့်သူတွေက မြို့နယ်မှူးတွေကို သိန်း ၂၀ ကနေ ၃၀ အထိပေးရတယ်” ဟု ဧရာဝတီတိုင်း စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ပြောင်းလဲခန့်အပ်ခံရသည့် အုပ်ချုပ်ရေးမှူးအများစုမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ခန့်အပ်ထားသည့် စစ်တပ်အာဏာသိမ်းမှုကို ထောက်ခံသူများ၊ ကြံ့ခိုင်ရေးပါတီဝင်များသာဖြစ်ကြပြီး အသစ်ထပ်မံခန့်အပ်သူများမှာလည်း အလားတူ စစ်ကောင်စီအပေါ် အားပေးထောက်ခံသူများသာဖြစ်ကြောင်း ရာထူးမှထုတ်ပယ်ခံရသူအချို့သာ အစိုးရ ၂ ဆက် တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်ကြောင်း ပုသိမ်၊ ဇလွန်နှင့် မြန်အောင်မြို့ခံများက ပြောသည်။

ယင်းကဲ့သို့ အုပ်ချုပ်ရေးမှူးများပြောင်းလဲခန့်အပ်နေခြင်းမှာ အကျိုးစီးပွားရပိုင်ခွင့်များကြောင့် ဖြစ်ကြောင်း မြန်အောင်မြို့ခံတစ်ဦးက သုံးသပ်ပြောဆိုထားသည်။

“ဒီကာလမှာ အရက်ဆိုင်နဲ့ KTV တွေ ဖွင့်ချင်တိုင်း ဖွင့်နေကြတာလေ။ ခွင့်ပြုမိန့်ကျဖို့ အုပ်ချုပ်ရေးမှူးတွေကို သိန်းဂဏန်းပေးရတယ်။ သူတို့ကတဆင့် မြို့နယ်မှူးဆီ တဆင့်ဝင်ပြီးမှ ခွင့်ပြုမိန့်ကျတာ။ခုနောက်ပိုင်း ၂ လုံး၊ ၃ လုံး ဒိုင်တွေ လောင်ကစားဝိုင်းတွေဆီကလည်း လိုင်းကြေးသဘောမျိုးရတယ်။ တည်းခိုခန်းနဲ့ ဟိုတယ်တွေကို ဧည့်စာရင်းစာရွက်လိုက်ကောက်တဲ့ ရုံးစာရေးတောင် တစ်ရွက်ကို ၅၀၀ ၊ ၁၀၀၀ ရတာ။ အုပ်ကြီးတွေသာဆို စဥ်းစားသာကြည့်တော့။ အဲ့တော့လည်း အုပ်ကြီးမလုပ်ချင်တဲ့သူ ဘယ်ရှိပါ့မလဲဗျာ”ဟု အသက် ၄၀ ဝန်းကျင်အရွယ် မြန်အောင်မြို့ခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

#ဧရာဝတီတိုင်း #စစ်ကောင်စီ #အုပ်ချုပ်ရေးမှူး #ပြောင်းလဲခန့်အပ်
#Ayeyarwaddy_Times