ဧရာဝတီတိုင်းမ်
မတ်လ ၂၅ ရက်

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ တပ်ရင်းနှင့် ရဲစခန်းအပါအ၀င် နေရာအများအပြားကို ယနေ့ မနက်အစောပိုင်းက KNLA ပူးပေါင်းတပ်ဖွဲ့မှ ၀င်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများနှင့် BGF ပြည်သူ့စစ်အဖွဲ့၀င်များ သေဆုံးကြောင်း သိရှိရသည်။

စစ်ကောင်စီဘက်မှ ကျဆုံးရုပ်အလောင်း ၂၀ ကျော်ရှိပြီး အဆိုပါအလောင်းများကို မြ၀တီသုသာန် တွင် အကာတစ်ခုနှင့်အုပ်၍ စုပုံထားကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြော သည်။

“အလောင်းတွေကို လူနာတင်ယာဉ်၊ နာရေးကားတွေနဲ့ လာချတာ။ အများကြီးပဲ။ မိုးကားစလိုဟာတွေနဲ့ အုပ် ထားတာ။ အလောင်းတွေကို ထပ်ပြီးတော့ကိုတင်လာတာ”ဟု မျက်မြင်တွေရှိခဲ့သူ နယ်ခံတစ်ဦးမှ ဆိုသည်။

စစ်ကောင်စီ လက်အောက်ခံ မြ၀တီမြို့၊ သင်္ဃန်းညီနောင်ရဲစခန်း၊ မြ၀တီကုန်သွယ်ရေးဇုန်၊ ကျုံဒိုးမြို့ရှိ ခမရ (၅၄၅) ၊ ခမရ (၅၄၆) တပ်ရင်းများနှင့် မြ၀တီမြို့အထွက် တပ် ၂၇၅ တို့ကို KNLA ပူးပေါင်းတပ်ဖွဲ့ကတစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ကောင်စီတပ်တွေကို တစ်ပြိုင်တည်း တိုက်ပွဲ ဖော်ဆောင်တာပေါ့။ ဘယ်ကို ပြေးကူရမှန်းမသိအောင် ပစ်ကူလာမယ့် လမ်းတွေကို ပိတ်ပြီးတိုက်ခိုက်တာပါ ။ သေဆုံးတဲ့ အရေအတွက်အတိအကျကို တော့မပြောနိုင်သေးဘူး”ဟု ပူးပေါင်းတပ်ဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိတွင် မြ၀တီအာရှလမ်းမကြီးကို စစ်ကောင်စီမှ လမ်းပိတ်ဆို့ထားပြီး ကုန်ကားသမားများပိတ်မိနေကြောင်း သိရှိရသည်။

“ကားသမားတွေကို အပြင် လွတ်ရာထွက်ခိုင်းတယ်။ ပြီးမှပစ်ကြတာ” ဟု တိုက်ပွဲဖြစ်ပွားနေသည်ကို မျက်မြင်ကြုံခဲ့ရသော ကုန်ကားမောင်းသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

မြ၀တီမြို့ပေါ်ရှိ စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းများ၊ အခြေစိုက်တပ်ရင်းများ စီးနင်းတိုက်ခိုက်ခံရပြီး ကျဆုံးထိခိုက်မှုများကာ အရှင်ဖမ်းဆီးရမိမှုများနှင့် လက်နက်များ ဆုံးရှုံးမှုကြောင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ကို စစ်ကောင်စီမှ လေယာဉ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ သင်္ဃန်းညီနောင်ရဲစခန်းကို ဝင်ရောက်စီးနင်းရာတွင် စခန်းအားသိမ်းပိုက်နိုင်ခြင်း မရှိသော်လည်း စခန်းမှူးဖြစ်သူကို ကုန်သွယ်ရေးဇုန်တွင် အရှင်ဖမ်းမိကြောင်း သတင်းများထွက်ပေါ်လျှက်ရှိသည်။ အဆိုပါအကြောင်းအရာအား ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသောကြောင့် အသေးစိတ်အခြေအနေကို ဆက်လက်စုံစမ်းလျှက်ရှိသည်။

#ကရင်ပြည်နယ် #မြ၀တီမြို့ #တိုက်ပွဲ #စစ်ကောင်စီတပ်ဖွဲ့ဝင် #သေဆုံး #သင်္ဃန်းညီနောင်စခန်းမှူး #အရှင်မိ #Ayeyarwaddy_Times