ဧရာ၀တီတိုင်းမ်
မတ်လ ၂၅ ရက်
ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ကရင်နီ (ကယား) နယ်စပ်တိုက်ပွဲတွင် PDF ပူးပေါင်းတပ်များ၏ ခုခံတိုက်ခိုက်မှုကြောင့် လဲချားမြို့အခြေစိုက် အမှတ် ၅၁၅ ခြေမြန်တပ်ရင်း (ခမရ – ၅၁၅) တပ်ရင်းတစ်ခုလုံး ကျဆုံးသွားကြောင်း သတင်းရရှိသည်။
ခမရ ၅၁၅ တပ်ရင်းမှာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ) လက်အောက်ခံ အမှတ် (၂) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ -၂) အောက်ရှိ တပ်ရင်းတစ်ခုဖြစ်ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကရင်နီ (ကယား) နယ်စပ် ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ဆင်ရေးဝင်ရောက်နေစဉ် တော်လှန်ရေးအင်အားစုများ၏ ခုခံတိုက်ခိုက်မှုကြောင့် တပ်ရင်းတစ်ခုလုံး ကျဆုံးသွားခြင်းဖြစ်ကြောင်း ရလခစစ်ဌာနချုပ်နှင့်နီးစပ်သော စစ်ဘက်သတင်းရင်းမြစ်များထံမှ သိရသည်။
“ကျသွားတာက စကခ ၂ လက်အောက်ခံ လဲချားအခြေစိုက် ခမရ ၅၁၅ တပ်ပဲ။ တပ်ရင်းတစ်ခုလုံးကို ပြုတ်သွားတာ။ နောက်တန်းမှာ အဲ့သတင်းကို ဖုံးထားတယ်”ဟု ရလခ စစ်ဌာနချုပ်နှင့်နီးစပ်သည့် စစ်ဘက်သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့ကစတင်ကာ ကရင် နီ (ကယား)ပြည်နယ်၊ ဒီမော့ဆို့မြို့နယ်၊ ဒေါတမကြီး ကျေးရွာတွင် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များနှင့် ကရင်နီပူးပေါင်းတပ်များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ယနေ့အချိန်ထိ တိုက်ပွဲဖြစ်နေကြောင်း ကရင်နီအမျိုးသားများကာကွယ် ရေးတပ်ဖွဲ့ KNDF ၏ထုတ်ပြန်ချက်အရ သိရှိရသည်။
လက်ရှိတိုက်ပွဲဖြစ်ပွားနေသော ကရင်နီ (ကယား) နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) နယ်စပ်မှာ KNDF၊ KGZ နှင့် Karenni Army KA တို့ အဓိက လှုပ်ရှားသောဒေသဖြစ်သည်။
တိုက်ပွဲဖြစ်စဥ်၊ ထိခိုက်ကျဆုံးမှုနှင့် လက်နက်ပစ္စည်း သိမ်းဆည်းရမိသော ကိစ္စရပ်များနှင့်ပတ်သတ်၍ ကရင်နီတော်လှန်ရေးအင်အားစုများက သတင်းအသေးစိတ် ထုတ်ပြန်မှု မရှိသေးကြောင်း သိရသည်။
ဧရာ၀တီတိုင်းမ်သတင်းဌာနမှ လက်ခံရရှိသည့်ဓာတ်ပုံများထဲတွင် စစ်ကောင်စီတပ်သားတို့၏အလောင်းများကို PDF တပ်များက တွန်းလှည်း ၃ စီးပေါ်တွင် စုပြုံတင်ထားသည်ကို တွေ့ရပြီး မြေပြင်ပေါ်၌ တန်းစီနေသော စစ်ကောင်စီတပ်သားအလောင်းများကိုလည်း တွေ့ရသည်။ သိမ်းဆည်းရမိသည့်ပစ္စည်းများထဲ၌ တပ်မ (၁၁) လည်စည်းနှင့် ခမရ (၅၁၅) လည်စည်းတံဆိပ်များကိုလည်း တွေ့ရသည်။
ထို့ပြင် တိုက်ပွဲ၌ကျဆုံးခဲ့သော စစ်ကောင်စီဘက်မှ ဗိုလ်ကြီး (၃ ပွင့်)အဆင့်ရှိသူ ၄ ဦး၊နှင့် ဗိုလ်အဆင့် (၂ ပွင့်) ရှိသူ ၂ ဦးတို့၏ပခုံးတံဆိပ် (အပွင့်) များကိုလည်းတွေ့ရပြီး သိန်းထောင်နှင့်ချီတန်ဖိုးရှိသည့် စစ်လက်နက် ပစ္စည်းများကို တော်လှန်ရေးအင်အားစုများက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်ရင်း ၁ ရင်းမှာ စစ်ဆင်ရေးထွက်ချိန်တွင် စစ်ကြောင်း ၂ ကြောင်း ထွက်လေ့ရှိကြောင်း၊ စစ်ကြောင်း ၁ ခုလျှင် တပ်ခွဲ ၂ ခု ပါဝင်လေ့ရှိပြီး အဆိုပါတပ်ခွဲများကို ဗိုလ်ကြီး (၃) ပွင့်အဆင့်ရှိသူက တပ်ခွဲမှူး အဖြစ်တာဝန်ယူ၍ စစ်ဆင်ရေးထွက်လေ့ရှိကြောင်း သိရသည်။
“အခုက ဗိုလ်ကြီး ၄ ယောက်ကျတယ်ဆိုတာကို တွေ့ရတဲ့အတွက် တပ်ရင်း ၁ ခုလုံး ပြုတ်တယ်ဆိုတာ သေချာသလောက်ရှိတယ်။ တပ်ရင်း ၁ ရင်းစာဆိုရင် အနိမ့်ဆုံးတော့ လူ ၆၀ အောက်တော့ မလျော့နိုင်ဘူး။ သေဆုံးဦးရေက အဲ့ထက် ပိုများဖို့ပဲ ရှိမယ်။ တော်လှန်ရေးအင်အားစုတွေ သိမ်းဆည်း ရမိလိုက်တဲ့ စစ်လက်နက် ပစ္စည်းတန်ဖိုးကလည်း ကာလပေါက်စျေးနဲ့ဆိုကျပ်သိန်း ၅၀၀၀ အထက်မှာ ရှိမယ်”ဟု လွတ်မြောက်နယ်မြေရောက် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ကရင်နီပြည်နယ်၊ ဒေါတမကြီးတိုက်ပွဲတွင် မတ်လ ၂၁ ရက်မှ ၂၂ ရက်နှစ်ရက်တာ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၀ ကျော်သေဆုံးပြီး KNDF တပ်ရင်း ၁၀ မှ ရဲဘော်နှစ်ဦးလည်း ကျဆုံးခဲ့ကြောင်း ယနေ့ နံနက်ပိုင်းတွင် KNDF က သတင်းထုတ်ပြန်ထားသည်။
(အသေးစိတ်ဓာတ်ပုံများကို Ayeyarwaddy Times သတင်းဌာန၏ တယ်လီဂရမ်ချန်နယ်တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။)
Telegram Channel Link – https://t.me/ayeyarwaddytimes/11248
#ကရင်နီ #ဒီးမော့ဆို #ခမရ၅၁၅ #တပ်ရင်း #စကခ၂ #ရလခ #Ayeyarwaddy_Times