ဧရာ၀တီတိုင်းမ်
မတ်လ ၂၅ ရက်
တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများပြားနေသည့် ကရင်နီ (ကယား) ပြည်နယ် စစ်မြေပြင်သို့ ရှမ်းပြည်နယ်(တောင်ပိုင်း) လဲချားမြို့အခြေစိုက် အမှတ် (၅၁၅) ခြေမြန်တပ်ရင်း (ခမရ – ၅၁၅) ၏နောက်ချန်အင်အားဖြင့် စစ်ကူသွားရောက်ရန် စစ်ကောင်စီတပ်က အမိန့်ပေးသော်လည်း တပ်ဦးဆောင်သူ ထိပ်တန်းအရာရှိများက ရှေ့တန်းထွက်ရန် ငြင်းဆန်ကာ အာဏာဖီဆန်မှုပြုလုပ်နေကြောင်း သတင်းရရှိသည်။
စစ်ကောင်စီမှ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ) လက်အောက်ခံ အမှတ် – ၂ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ -၂) အောက်ရှိ တပ်ရင်းများဖြစ်သော ခလရ – ၁၂၊ ခမရ – ၅၁၆ နှင့် ခမရ – ၅၁၅ တပ်ရင်း ၃ ရင်း၊ အင်အား ၃၃၀ ခန့်ဖြင့် မတ်လဆန်းပိုင်းမှစ၍ ကရင်နီ (ကယား) ပြည်နယ်ကို ထိုးစစ်ဆင်ခဲ့သည်။
အဆိုပါစစ်ကောင်စီတပ်ရင်း ၃ ရင်းမှာ ဒီမော့ဆိုမြို့နယ် အရှေ့ခြမ်းရှိ ရှိ ဒေါညင်းခူ ၊ ဒေါဆိုဖျ၊ ဒေါတမကြီး ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးတပ်စွဲထားသဖြင့် ကရင်နီပူးပေါင်းတပ်များမှ တိုက်ခိုက်ခဲ့ရာ မတ်လ ၂၀ ရက်မှ ၂၃ ရက်အထိ ၃ ရက်အတွင်း ဗိုလ်ကြီးအဆင့်ရှိသူ ၄ ဦးအပါအဝင် စစ်ကောင်စီတပ်မှ ၉၀ ကျော် ကျဆုံးကာ ၅၀ ထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ ကျဆုံးသူများထဲတွင် ခမရ ၅၁၅ တပ်မှ အင်အားဆယ်နှင့်ချီ၍ ပါဝင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထိခိုက်ကျဆုံးမှုများပြားနေသည့် ဒီမော့ဆိုစစ်မြေပြင်သို့ ခမရ ၅၁၅ တပ်၏နောက်ချန်အင်အားကို စုစည်း၍ စစ်ကူသွားရောက်ရန် စကခ – ၂ မှ အမိန့်ပေးခဲ့သော်လည်း တပ်ဦးဆောင်သူ ထိပ်တန်းအရာရှိများက ရှေ့တန်းထွက်ရန် ငြင်းဆိုကာ တပ်တွင်းအာဏာဖီဆန် ပုန်ကန်မှုပြုလုပ်နေခြင်းဖြစ်ကြောင်း တပ်တွင်း စစ်ဘက် သတင်းရင်းမြစ်များထံမှ သိရသည်။
“ခမရ ၅၁၅ တပ်ရဲ့ နောက်ချန်အင်အားကိုစုပြီး ဒီမော့ဆိုကို စစ်ကူသွားဖို့ အပေါ်ကအမိန့်ပေးတာကို ရှေ့တန်း မထွက်ဘူး၊ ထောင်ကျပဲခံမယ်ဆိုပြီး တပ်ထိပ်ပိုင်းအရာရှိတွေက ငြင်းနေတာ”ဟု အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့်နီးစပ်သူ စစ်ဘက်သတင်းရင်းမြစ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့် ရှေ့တန်းထွက်ရန် ငြင်းဆိုကာ အာဏာဖီဆန်နေသည့် ခမရ ၅၁၅ တပ်မှ ထိပ်တန်းစစ်ဘက်အရာရှိများ၏အမည်နှင့်ရာထူးကို သိရှိရန် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် ကရင်ပြည်နယ်အတွင်း ထိုးစစ်ဆင်နေသည့် ခမရ – ၄၀၃ နှင့် ခမရ – ၄၀၅ တပ်ရင်းများမှ ဒု-ဗိုလ်မှူးကြီး၊ ဗိုလ်မှူးအဆင့်ရှိ တပ်ရင်းမှူး ၂ ဦး၊ ဗိုလ်မှူးအဆင့်ရှိ ဒုတပ်ရင်းမှူး ၂ ဦးနှင့် ဗိုလ်ကြီးအဆင့်ရှိ တပ်ခွဲမှူး ၂ ဦးတို့မှာ စစ်တိုက်ရန် ငြင်းဆန်သဖြင့် စစ်ကောင်စီက နောက်တန်းသို့ပြန်ခေါ်၍ ဖမ်းဆီးထိမ်းသိမ်း အရေးယူမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်အထိ ဒီမော့ဆိုမြို့နယ်ရှိ ဒေါ့တမကြီး၊ ဒေါဆိုဖျ၊ ဒေါညင်းခူကျေးရွာများ၌ စစ်ကောင်စီတပ်နှင့် နယ်မြေခံ PDF ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီမှ အထိနာ၍ ဘောလခဲ၊ ဖရူဆို အခြေစိုက်တပ်များဖက်မှ နေ့စဥ် လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်နေသည့်အပြင် ဂျက်လေယာဥ်၊ ရဟတ်ယဥ်များဖြင့်လည်း ဆက်တိုက်ပစ်ခတ်တိုက်ခိုက် နေကြောင်း ကရင်နီအမျိုးသား ပြည်သူ့ကာကွယ်ရေးတပ် – KNDF ထံမှ သိရသည်။
“ကရင်နီနယ်ထဲကို ထိုးစစ်ဆင်နေတဲ့ စစ်ကြောင်းတွေအကုန်လုံးကို ကျွန်တော်တို့ တိုက်ခိုက်နေတယ်။ သူတို့ (စစ်ကောင်စီ) ဘက်က ထိခိုက်ကျဆုံးမှု အရမ်းများနေတယ်။ သို့သော် အခုအချိန်အထိ သူတို့ မဆုတ်သေးဘူး။ ထိုးစစ်ဆင်မှု ဆက်လုပ်နေတုန်းပဲ”ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
(ဓာတ်ပုံ – ပုံဟောင်းကို အသုံးပြုထားပါသည်။)
#တပ်တွင်းပုန်ကန်မှု #ကရင်နီ #ဒီးမော့ဆို #KNDF #ခမရ၅၁၅ #ရလခ #Ayeyarwaddy_Times