ဧရာ၀တီတိုင်းမ်
မတ်လ ၂၆ ရက်
စစ်ကောင်စီ၏ နေပြည်တော်တိုင်းစစ်ဌာနချုပ် အပါအ၀င် တပ်ရင်း၊ တပ်မများ၌ ရဲမေနှင့် တပ်မိသားစု၀င်များကို ပြင်ပစစ်ဆေးရေးဂိတ်များတွင် လုံခြံရေးကင်းစောင့်ရန် နေပြည်တော်ဌာနချုပ်မှ ညွန်ကြားမှုများရှိကြောင်း တပ်တွင်းမိသားစုဝင်များ ထံက သိရသည်။
စစ်ကောင်စီသည် ရဲမေများနှင့် စစ်ကောင်စီတပ်သားများ၏ဇနီးများကို တပ်တွင်း လုံခြံရေးအပြင် အရာရှိများ၏အိမ်တော်၊ ၀န်ကြီးရုံးဌာနဆိုင်ရာများနှင့် ပြင်ပ စစ်ဆေးရေးဂိတ်များတွင် သေနတ်၊ ဓား များပေး၍ လုံခြုံရေးယူရန် ညွှန်ကြားမှုကြောင့် တပ်တွင်း၌ ဂယက်ရိုက်လျှက်ရှိကြောင်း သိရသည်။
“စစ်သည်အင်အားမရှိတော့လို့ အရံအင်အားထုတ်သုံးတဲ့သဘောမျိုးဆိုတော့ တမင် အသေခံခိုင်းနေသလိုပဲ။ လာပစ်ရင်ကိုယ်က သေရမှာ။ ဒုတပ်ရင်းမှူးတွေ အိမ်မှာ လိုက် စောင့်ရတယ်။ သူတို့ကအေးဆေးပဲ။ အရာရှိအိမ်တွေမှာတစ်ဖွဲ့၊ လက်နက်တိုက်မှာ တစ်ဖွဲ့၊ ပြင်ပစစ်ရေးဂိတ်မှာ တစ်ဖွဲ့စောင့်ရတယ်။ ကိုယ်တွေက စစ်သင်တန်းကို သေချာ တက်ခဲ့ရတာလည်းမဟုတ်ဘူး။ တကယ်ဖြစ်လာရင် စက်ပေါက်တာတွေက မလုပ် တတ်ဘူး။ ပစ်တာပဲရတာ။ တမင်ထိုးကျွေးနေသလိုပဲ” ဟု အမည်မဖော်လိုသည့် စစ်ကောင်စီ တပ်သားတစ်ဦး၏ ဇနီးသည်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ရဲမေနှင့် တပ်မိသားစု၀င်များသည် ညနေ ၆ နာရီမှ နံနက် ၆ နာရီထိ ဂျူတီကင်း စောင့်ရပြီး တပ်ပြင်စစ်ဆေးရေးဂိတ်များတွင်လည်း လုံခြုံရေးယူ၍ ကင်းစောင့် ရကြောင်းနှင့် ၎င်းတို့ကို ဓားနှင့် MA-3 သေနတ်များပေး၍ လုံခြုံရေးစောင့် ခိုင်းထားကြောင်း သိရသည်။
ကျိုက်ထို ခမရ (၂) တပ်တွင်း၌လည်း ကင်းမစောင့်ချင်သဖြင့် စစ်ကောင်စီလက်အောက်ခံ ရဲမေနှင့် စစ်ကောင်စီတပ်သားများ၏ မိန်းမများ အချင်းချင်းရန်ဖြစ်ကာ နေ့စဉ်ဆူညံ ပွက်လောရိုက်လျှက်ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် နေရာအနှံ့ထိခိုက်သေဆုံးမှုမြင့်မားနေပြီး တပ်သားသစ်များ ၀င်ရောက်မှု မရှိသောကြောင့် တပ်အင်အား မလုံလောက်မှုများ ဖြစ်ပေါ်ကာ ရဲမေနှင့် တပ်သားများ၏ ဇနီး များကို ထုတ်သုံးလာခြင်းဖြစ်သည်။
#စစ်ကောင်စီ #ရဲမေ #တပ်မိသားစုဝင် #ကင်းစောင့် #ဂယက်ရိုက် #Ayeyarwaddy_Times