ဧရာဝတီတိုင်းမ်
(တမူး)၊ မတ် ၂၅ ရက်
တမူးမြို့နယ်၊ ကလေး-တမူးလမ်းရှိ ဘုက္ကန် ရဲစခန်းကို အမျိုးသား လွတ်မြောက်ရေး တပ်တော်(NLA)က ယမန်နေ့၊ နံနက် ၇ နာရီအချိန်ခန့်တွင် ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင် ၆ ဦးအရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။
အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)သည် ယမန်နေ့ မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက ဘုက္ကန် ရဲစခန်းကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ၄၅ မိနစ်ခန့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာ ထွက်ပြေးသွားကြောင်း NLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါရဲစခန်းကို ဝင်ရောက်သိမ်းပိုက်ရာတွင် သေနတ် ၁၅ လက်၊ ကျည်မျိုးစုံ ၂၂၆၉ တောင့် ၊ ဘီအေ -၆၃ ရိုင် ဖယ် ကျည် ကတ် ၁၂ ကတ် ၊ ဘီအေ- ၉၄ ကျည်ကတ် ၂ ကတ်၊ အေက-၄၇ ကျည် ကတ် ၂ ကတ်၊ ရှေ့ကတ်မိုင်း ၂ လုံး၊ လက်ပစ်ဗုံး ၃ လုံး၊ ဘီအေ-၆၃ လှံစွပ် ၂ ချောင်း၊ ဓားမြှောင် ၁ ချောင်း၊ လမ်းလျှောက်စကားပြောစက် ၆ လုံး၊ စကားပြောစက် အထိုင်စက် ၁ လုံး၊ လက်ထိပ် ၇ ခု၊ ကျင်စက် နံပါတ်တုတ် ၁ ချောင်း၊ ရိုးရိုး နံပါတ်တုတ် ၃ ချောင်းနှင့် ရဲယူနီဖောင်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း NLA က ထုတ်ပြန်ထားသည်။
NLAသည် တမူးကဘော်ဒေသတွင် လှုပ်ရှားနေသော ကာကွယ်ရေးတပ်ဖြစ်ပြီး ယခင်က တမူးကဘော်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၃)အဖြစ်မှ ယခုနှစ် မတ်လတွင် အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
#စစ်ကိုင်းတိုင်း #တမူးမြို့နယ် #ဘုက္ကန်ရဲစခန်း #NLA #သိမ်းပိုက် #ရဲ၆ဦးဖမ်းမိ #လက်နက်မျိုးစုံသိမ်းဆည်း