ဧရာဝတီတိုင်းမ်
မတ်လ ၂၅ ရက်
ကရင်ပြည်နယ်၊ ကျုံးဒိုးရှိ စစ်ကောင်စီတပ်ရင်း ခမရ ၅၄၅ နှင့် ခမရ ၅၄၆ တို့ကို KNU/KNLA ပူးပေါင်းတပ် ဖွဲ့များမှ ၀င်ရောက်တိုက်ခိုက်သဖြင့် စစ်ကောင်စီဘက် မှ လေယာဉ်ပစ်ကူများဖြင့် ပြန်လည်တိုက်ခိုက်နေကြောင်း သိရှိရသည်။
ယနေ့ နံနက်အစောပိုင်းအချိန်မှစ၍ မြ၀တီမြို့၊ ကော့ကရိတ်၊ သက်န်းညီနောင်၊ မြ၀တီကုန်သွယ်ရေးဇုန်တို့တွင် KNU/KNLA ပူးပေါင်းတပ်ဖွဲ့တို့သည် တစ်ပြိုင် တည်းတိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်ပွဲတွင် ပူးပေါင်းတပ်ဖွဲ့မှ စစ်ကောင်စီ၏ သက်န်းညီနောင်ရဲစခန်း၊ ကျုံးဒိုးမြို့ရှိ ရဲစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရသည်။
“မနက်အစောကြီးကတည်းက ပစ်ခတ်နေကြတာ။ မနက်က ကုန်သွယ်ရေးဇုန်မှာရှိတဲ့ စစ်တပ်ဂိတ်ကိုလည်း မီးရှို့ခံရတယ်။ စစ်တပ်ဘက်က ဂျိုင်းတံတား ကိုပိတ်ချထားတယ်။ လူတွေလည်း ဘယ်ပြေးရမှန်း မသိကြောက်လန့်တကြားနဲ့ ထွက်ပြေးကြရတာ”ဟု မြ၀တီဒေသခံ အမျိုးသမီးတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင် စစ်ကောင်စီဘက်မှ အထိနာလျက်ရှိပြီး စခန်းများသိမ်းဆည်းခံရကာ တပ်ဖွဲ့၀င်များလည်း ဖမ်းဆီးခံရမှုများနှင့် ကျဆုံးမှုများရှိနေပြီး လက်နက်များလည်း သိမ်းဆည်းရမိကြောင်း မြေပြင်တွင် တိုက် ပွဲဖော်ဆောင်လျက်ရှိသည့် ရဲဘော်များထံမှ သိရှိရသည်။
“စစ်ကောင်စီတပ်တွေကို တစ်ပြိုင်တည်း တိုက်ပွဲ ဖော်ဆောင်တာပေါ့။ ဘယ်ကိုပြေးကူရမှန်းမသိအောင် ပစ်ကူလာမယ့်လမ်းတွေကို ပိတ်ပြီးတိုက်ခိုက်နေတာပါ။ တိကျတော့မပြောနိုင်သေးဘူး”ဟု KNLA ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။
ယင်းပူးပေါင်းတပ်ဖွဲ့မှ စစ်ကောင်စီ၏ တပ်ရင်းနှစ်ခုကိုလည်း ၀င်ရောက်တိုက်ခိုက်နေသောကြောင့် စစ်ကောင်စိဘက်မှ လေယာဉ်ပစ်ကူများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်နေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရှိရသည်။
“မြို့ပေါ်က အခြေစိုက်တပ်ရင်းတွေ ပါသွားလို့မဖြစ်ဘူး။ ခုအဲဒီတပ်ရင်းတွေကို ၀င်တိုက်ခိုက်ခံနေရတယ်လို့ သိရတယ်။ အခြေအနေအသေးစိတ်တော့ မသိရသေးဘူး။ လေယာဉ်တွေနဲ့တော့ ပစ်ကူနေရတယ်”ဟု အမည်မဖော်လိုသည့် တပ်တွင်းသတင်းရင်းမြစ်မှ အတည်ပြု ပြောသည်။
#မြဝတီ #ကျုံဒိုး #စစ်ကောင်စီတပ်များတိုက်ခိုက်ခံနေရ #လေယာဥ်အသုံးပြုတိုက်ခိုက် #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/ayeyarwaddytimes/reviews/…