ဧရာဝတီတိုင်းမ်
မတ်လ ၂၅ ရက်
မြန်မာစစ်ကောင်စီအပေါ် ဒဏ်ခတ်အရေးယူမှုတွေ ထပ်မံ ပြုလုပ်ကြောင်း အမေရိကန်နိုင်ငံက မတ်လ ၂၄ ရက်မှာ ကြေညာခဲ့ပြီး မြန်မာစစ်တပ်နဲ့ဆက်နွှယ်တဲ့ လူပုဂ္ဂိုလ်တွေ၊ စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထားအ ရေးယူလိုက်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီအပေါ် ဖိအားပေးမှုတိုးမြှင့်ဖို့ အမေရိကန်နိုင်ငံက ကြိုးပမ်းနေပါတယ်။
ခရိုနီ ထွန်းမင်းလတ်နဲ့ သူ့ရဲ့ဇနီးသည် ဝင်းမင်းစိုး၊ စစ်တပ်အတွက် လေယာဉ်ဆီ တင်သွင်းပေးတဲ့ စီးပွား ရေးလုပ်ငန်းခြောက်ခုကို ဒဏ်ခတ်အရေးယူကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခု အတွင်း ပြောပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံဟာ ကစဉ့်ကလျားအခြေအနေ ဖြစ်လာခဲ့ပြီး အတိုက်အခံတွေအ ပေါ် အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ခုခံတွန်းလှန်ရေးတပ်ဖွဲ့တွေက ဘက်ပေါင်းစုံမှာ အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်နေပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်က မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ၊ အကြမ်း ဖက်မှုတွေ ဆက်လက် ကျူးလွန်ခဲ့ကာ အရပ်သားတွေနေထိုင်ရာဧရိယာတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာခဲ့တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။
“အာဏာသိမ်းစစ်ကောင်စီက ကိုယ့်ပြည်သူတွေအပေါ် ဆက်ပြီး ဒုက္ခပေးနေပါတယ်” လို့ ဘဏ္ဍာရေးဝန် ကြီးဌာနအောက်ရှိ အကြမ်းဖက်မှုဝါဒနှင့် ဘဏ္ဍာရေးဆိုင်ရာ ထောက်လှမ်းရေးဌာန လက်ထောက်ဝန်ကြီး ဘရိုင် ယန်နယ်လ်ဆင်က ထုတ်ပြန်ချက်အတွင်း ပြောပါတယ်။
အမေရိကန်နိုင်ငံက မြန်မာပြည်သူတွေကို အကူအညီပေးမယ့် ကတိကဝတ် ဆက်လက်ထားရှိသလို စစ် တပ်က အကြမ်းဖက်မှုတွေ မကျူးလွန်နိုင်အောင် ဆက်လက် အရေးယူမှာဖြစ်ပါတယ်လို့ သူက ဆိုပါတယ်။
အမေရိကန်နိုင်ငံက ဒဏ်ခတ်အရေးယူတဲ့ မြန်မာစစ်တပ်နဲ့ဆက်နွှယ်တဲ့ ကုမ္ပဏီတွေထဲမှာ Asia Sun Group၊ Asia Sun Trading Co. Ltd၊ Cargo Link Petroleum Logistics Co. Ltd တို့လည်း ပါဝင်ပါတယ်။
အရေးယူခံရသူတွေဟာ မြန်မာစစ်တပ်ကို စစ်လက်နက်တွေ ထောက်ပံ့ သို့မဟုတ် အာဏာသိမ်းခေါင်း ဆောင်နဲ့ ပတ်သက်တဲ့ကုမ္ပဏီတွေဖြစ်တဲ့ Star Sapphire Group of Companies နဲ့ Star Sapphire Trading Company Ltd တို့နဲ့ ဆက်နွှယ်မှုရှိတယ်လို့ သိရပါတယ်။
ကိုးကား – Reuters
Ref; U.S. Imposes Fresh Sanctions on Myanmar, Targets Jet Fuel Suppliers