နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ်လ ၂၅ ရက်

အာဏာသိမ်း စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နှင့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC)အဖွဲ့ဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ သုံး ဖွဲ့တို့ နှစ်ရက်တာတွေ့ဆုံ ဆွေးနွေးညှိနှိုင်းခဲ့ပြီး အပြီးသတ်ရရှိလာသည့် နှစ်ဖက် သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ NSPNC နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များဖြစ်သော “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက် တစ်မဟာမိတ်အဖွဲ့ (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တို့သည် နေပြည်တော်တွင် မတ်လ ၂၂ ရက်မှ ၂၃ ရက်အထိ နှစ်ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြခဲ့သည်။

“မြန်မာပြည်မှာ အခုနွေဦးတော်လှန်ရေးဆိုပြီးတော့ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ တွေနဲ့ NUG၊ PDF ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဖြစ်နေတဲ့ စစ်ပွဲတွေကို ကျော ခိုင်းပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ၊ ဆွေးနွေးတာတွေ လုပ်နေတယ်ဆိုတာ ဘာမှ အဓိပ္ပာယ်မရှိတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဒါကိုတစ်ကမ္ဘာလုံးကလည်း သိပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ NSPNC အဖွဲ့နှင့် FPNCC အဖွဲ့ဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ သုံး ဖွဲ့တို့သည် ပထမနေ့ ဆွေးနွေးပွဲတွင် မပြီးပြတ်သေးသော ကိစ္စများ၊ ဒေသဖွံ့ဖြိုးရေး ကိစ္စများနှင့် အထွေထွေကိစ္စများကို ဆွေးနွေးခဲ့ကြပြီးနောက် နှစ်ရက်တာ ဆွေးနွေး ညှိနှိုင်းချက်များအရ နှစ်ဖက်သဘောတူညီချက်များ ရယူကြပြီး အပြီးသတ်ရရှိလာသည့် သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်ဟု စစ်ကောင်စီ၏ သတင်းစာတွင် ဖော်ပြထားသည်။

“အဓိကကတော့ ကျွန်တော်သိသလောက်ဆိုရင် ငြိမ်းချမ်းရေးအကြောင်းရယ်၊ နောက်ပြီးတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈) ပြင်ဆင်ရေးတို့၊ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်တွေ၊ ပညာရေး၊ ကျန်းမာရေး စသဖြင့်ပေါ့ဗျာ။ အဲဒီလောက်ပဲ ကျွန်တော်သိရပါတယ်” ဟု တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ ရှမ်းပြည်တိုးတက် ရေးပါတီ (SSPP)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး သီဟရာဇာက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တရုတ်အစိုးရ၏ အာရှရေးရာဆိုင်ရာ အထူးကိုယ်စားလှယ် တိန့်ရှီကျန်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်ကြသည့် UWSA၊ KIO/KIA နှင့် NDAA တို့၏ ဌာနချုပ်များသို့ လာရောက်ခဲ့ပြီးနောက် FPNCC အစည်းအဝေး ဖြစ်လာခဲ့ခြင်းဖြစ်သည်။

“ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဦးဆောင်၍ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ခုနစ်ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)သည် ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့တွင် ပြီးခဲ့သည့် မတ်လ ၁၅ ရက်မှ ၁၆ ရက်နေ့အထိ နှစ်ရက်တာ အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးခြင်း ဖြစ်သည်။

“သူ့(မအလ)အနေနဲ့ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းတွေ အဲ့ဒီထဲက အထူးသဖြင့် မြောက်ပိုင်းက FPNCC အဖွဲ့ဝင်တွေ အခုဖြစ်ပွားနေတဲ့ နွေဦးတော်လှန်ရေး စစ်ပွဲအတွင်းမှာ သူတို့(FPNCC အဖွဲ့) ပါဝင်မသွားဖို့အတွက် သူတို့ကို ဆွဲဆောင် စည်းရုံးဖို့အတွက် အဆက်မပြတ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ တောက်လျှောက် လုပ်နေခဲ့တာဖြစ်ပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလားတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အပစ်ရပ် ခုနစ်ဖွဲ့၏ အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေး အဖွဲ့တို့ကလည်း လာမည့်မတ်လ ၂၈ ရက်နှင့် ၂၉ ရက်တွင် စစ်ကောင်စီ၏ NSPNC အဖွဲ့နှင့် နေပြည်တော်၌ အလွတ်သဘော တွေ့ဆုံမည်ဖြစ်ကြောင်း အပစ်ရပ်ခုနစ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

“အဲဒီလှုပ်ရှားမှုတွေကနေပြီးတော့ မြန်မာပြည် ငြိမ်းချမ်းရေးရရှိဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ ကိစ္စပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့ မြန်မာပြည်မှာ ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် ရွေးကောက်ပွဲလုပ်တဲ့အခါမှာ ဒီအင်အားစုတွေလည်း ပါဝင်ဖို့အတွက် သူ့(မအလ)အနေနဲ့ကတော့ စည်းရုံးသိမ်းသွင်းနေတာတွေ ရှိပါတယ်။ သို့သော် ကျွန်တော်အနေနဲ့ ဒီအဖွဲ့အစည်းတွေ သူတို့လွှမ်းမိုးတဲ့ ဒေသ၊ သူတို့အုပ်ချုပ်တဲ့ ဒေသမှာ ရွေးကောက်ပွဲတွေ ကျင်းပပေးမယ်ဆိုတာ ကျွန်တော်ကတော့ မယုံကြည်ပါဘူး” ဟု ဦးသန်းစိုးနိုင်က ဆိုသည်။

ယင်းဆွေးနွေးပွဲသို့ “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)မှ ဒု-ဥက္ကဋ္ဌ ဦးလော့ယာကု၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA)မှ ဒု-ဥက္ကဋ္ဌ ဦးစန်ပေ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)မှ ဗဟိုနိုင်ငံရေး ဦး ဆောင်အဖွဲ့ဝင် စဝ်ဆေပိုင်ဖနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

#စစ်ကောင်စီ #မြောက်ပိုင်းသုံးဖွဲ့ #သဘောတူညီချက် #လက်မှတ်ရေးထိုး #အဓိပ္ပာယ်မဲ့ #လုပ်ငန်းစဉ် #Ayeyarwaddy_Times