ဧရာဝတီတိုင်းမ်
(ချင်း)၊ မတ်လ ၂၅ ရက်

မြန်မာ -အိန္ဒိယနယ်စပ် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ ချင်အမျိုးသားတပ်မတော် (CNA) တပ်မဟာ(၄) နယ်မြေတွင် ယမန်နေ့ မတ်လ ၂၃ ရက်နေ့ နံနက် ၇ နာရီခန့်က CNAနှင့် ဇိုမီးလက်နက်ကိုင်တပ် Zomi Revolution Amy (ZRA/ZRO)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ZRA တပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကာ သေနတ် တစ်လက်အပါအဝင် ခဲယမ်းအချို့သိမ်းဆည်း ရမိကြောင်းသိရသည်။

CNA စစ်ကြောင်းကို ZRA တပ်ဖွဲ့၀င်များက ပစ်ခတ်ခဲ့၍ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး MA-3 သေနတ် တစ်လက်၊ ကျည်ဆံ ၁၆၀ တောင့်၊ ကျည်အိမ် နှစ်ခု၊ လက်ပစ်ဗုံး တစ်လုံး၊ မိုဘိုင်းဖုန်း တစ်လုံးနှင့် ဓားတစ်လက်တို့ကို CNA တပ်ဖွဲ့၀င်များက သိမ်းဆည်းရမိခဲ့သည်။

“ZRA ကို စစ်ကောင်စီက သေနတ်တွေ ထုတ်ပေးတယ်။ သူတို့က တီးတိန်မြို့နယ်၊ အနောက်ဘက်ခြမ်းမှာ အဓိက လှုပ်ရှားတယ်။ အရင်နှစ်တုန်းက အာဏာသိမ်း မင်းအောင်လှိုင်ကို သူရဲကောင်းဘွဲ့ပေးတာလည်း သူတို့ပဲ။ အခုလည်း စစ်ကောင်စီနဲ့ ပူးပေါင်းပြီး CNAနဲ့ ဒေသကာကွယ်ရေးတပ်တွေကို တိုက်ခိုက်နေတဲ့ အဖွဲ့ဖြစ်တယ်” ဟု CNFတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ZRA/ZROအဖွဲ့သည် စစ်ကောင်စီနှင့် ပူးပေါင်းကာ CNAနှင့် ချင်းဒေသကာကွယ်ရေး တပ်ဖွဲ့များကို တိုက်ခိုက်နေသောကြောင့် ချင်းပြည်ကာကွယ်ရေးပူးပေါင်းကော်မတီ (CJDC)က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည်။

#ချင်းပြည်နယ် #တီးတိန် #ချင်းအမျိုးသားတပ်မတော် #ဇိုမီးလက်နက်ကိုင်တပ် #တိုက်ပွဲ #ZRAတပ်ဖွဲ့ဝင် #၁ဦးသေဆုံး #Ayeyarwaddy_Times