နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)/မတ်လ၂၅ ရက်

ဧရာဝတီတိုင်း မအူပင်မြို့နယ်ရှိ ဌာနဆိုင်ရာများကို စစ်ကောင်စီ လက်အောက်ခံ မြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီကနေ သင်္ကြန်မဏ္ဍပ်များ မဖြစ်မနေ ဆောက်လုပ်ရမည် ဆိုပြီး ဖိအားပေးနေကြောင်း ဌာနဆိုင်ရာဝန်ထမ်း တချို့က ပြောသည်။

လာမည့် ဧပြီလ ၁၄ ရက်နေ့မှာ ကျရောက်မည် ဖြစ်သော နှစ်သစ်ကူး သင်္ကြန် ရေသဘင်ပွဲကို မအူပင်မြို့နယ်အတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ပြီး ဌာနဆိုင်ရာ ရုံးအဖွဲ့များအနေဖြင့် မဖြစ်မနေ သင်္ကြန် မဏ္ဍပ်များ ပြုလုပ်ရမည် ဟု ဆိုကာ နှုတ်မိန့်နှင့် ခိုင်းစေခြင်းများ ပြုလုပ်နေကြောင်း ဌာနဆိုင်ရာဝန်ထမ်း အမျိုးသမီး တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပြသည်

၎င်းက“မအူပင်မြို့မှာက ၂၀၁၉ ခုနှစ်ကတည်းက ကိုဗစ် ၁၉ ရောဂါကြောင့် မဟာသင်္ကြန်ကို မပြုလုပ်ခဲ့တာ ၂၀၂၂ ခုနှစ် အထိပဲ။ ၂၀၂၁ ခုနှစ်မှာလည်း စစ်ကောင်စီက အာဏာသိမ်းခဲ့ပြီး သင်္ကြန် မလုပ်ခဲ့ရဘူး။ အခု ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီ က မြန်မာပြည် အေးချမ်းနေတဲ့ ပုံစံမျိုးကို နိုင်ငံတကာကို လိမ်လည်ချင်တာနဲ့ သင်္ကြန် ပွဲတော်ကို စည်ကားအောင် လုပ်နေတာဖြစ်ပြီး နိုင်ငံရေး မတည်မငြိမ် ဖြစ်နေတဲ့အချိန်မှာသူတို့ဖြစ်ချင်တာ ဖြစ်အောင် ဌာနဆိုင်ရာတွေကို ဖိအားပေးပြီး ခိုင်းနေတာ”ဟုလည်း ပြောသည်။

ထိုသို့ စစ်ကောင်စီ လက်အောက်ခံ မြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီက ဖိအားပေး ခိုင်းစေမှုများ ပြုလုပ်နေသော်လည်း သင်္ကြန်ကာလ အတွင်း မြို့ပေါ်များတွင် အထိတ်တလန့် ဖြစ်ရပ်များ နှင့် ဗုံးပေါက်ကွဲကာ ထိခိုက်မှုများ ဖြစ်ပွားမည်ကို ပြည်သူများက စိုးရိမ်နေကြကြောင်းလည်း ဒေသခံများက ပြောဆိုသည်။

ရန်ကုန် နှင့် မန္တလေးတွင် စစ်ကောင်စီ၏ မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။
#မအူပင် #သင်္ကြန် #စစ်ကောင်စီ #ဖိအားပေး #Ayeyarwaddy_Times