ဧရာဝတီတိုင်းမ်
မတ်လ ၂၄ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှာ စစ်ကောင်စီက ဖုန်းများကိုစစ်ဆေးခြင်းနဲ့ လူမှုကွန်ရက်(facebook)သုံးစွဲသူများကို စောင့်ကြည့်မှုများပြုလုပ်နေပြီး မတ်လ ၂၄ ရက်နေ့အထိ တစ်လအတွင်းမှာ ပြည်သူ ၆ဦးအထိဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။
ပုသိမ်မြို့မှာနေထိုင်သူတွေရဲ့ ဖုန်းတွေကို စစ်ဆေးပြီး ဖမ်းဆီးတာတွေပြုလုပ်နေသလို လိုင်းပေါ်မှာ တင်တဲ့စာတွေကိုလည်း စောင့်ကြည့်ပြီး ဖမ်းဆီး တာတွေပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
“မတ်လ ၂၁ ရက်နေ့က ပုန်းညှက်မြိုင်အဆောင်ပိုင်ရှင် ဦးမောင်မောင်အေးကို facebook မှာ PDF ဝါဒဖြန့်တယ်ဆိုပြီးဖမ်းထားတယ်၊၂၂ နေ့ညက ရာမည လမ်းထိပ်မှာလူငယ် အမျိုးသားတစ်ယောက်ကို ဖုန်းထဲမှာ နိုင်ငံရေးအကြောင်းတွေပြောထားတယိဆိုပြီးရဲတွေလက်ထိပ်ခတ်ဖမ်းသွားတာတွေ့တယ်”လို့ ပုသိမ်မြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ပုသိမ်မြို့မှာ မတ်လအတွင်း လူမှုကွန်ရက်မှာ စစ်ကောင်စီကိုဆန့်ကျင်တဲ့စာများတင်တယ်ဆိုပြီး မတ်လ ၂၄ ရက်နေ့အထိ အမျိုးသား ၄ ဦး အမျိုးသမီး ၂ ဦးထိ ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။
“နိုင်ငံရေးအကြောင်းတွေ ရေးမယ် shareမယ်ဆိုရင် ကိုယ့်လူအခြင်းခြင်းလဲမယုံကြပါနဲ့ စောင့်ကြည့်သတင်းပေးနေတဲ့သူတွေရှိနေတယ်၊ နိုင်ငံရေးအကြောင်းတင်ခြင်ရင် အကောင့်တုနဲ့ တင်၊အပြင်သွားရင်တင်ထားတာတွေ၊ပြောထားတဲ့စာတွေဖျက်သွားတာအလုံခြုံဆုံးပဲ “လို့ အသက် ၅၀ အရွယ် ပုသိမ်မြို့ခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကလည်း ပုသိမ်မြို့ အမှတ် ၅ ရပ်ကွက် ငါးပြားလမ်းမှာနေထိုင်တဲ့ အသက် ၃၀ ၀န်းကျင်ကိုဇင်၀င်းထက်ကို ဟန်ငြိမ်းဦး တယ်လီဂရမ်ဂရုက စစ်ကောင်စီ ဆန့်ကျင်သည့်သတင်းများတင်တယ်လို့ ဖော်ပြခဲ့တဲ့အတွက် စစ်ကောင်စီတပ်နဲ့ရဲများက၀င်ရောက်ဖမ်ဆီးခဲ့ပါတယ်။
လက်ရှိမှာဖမ်းဆီးထားသူတွေကို ပုသိမ်မြို့မရဲစခန်းမှာ ဖမ်းဆီးထားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ အိီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေတွေနဲ့တရားစွဲဆိုဖို့ပြင်နေတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
#ပုသိမ်မြို့ #စစ်ကောင်စီတပ် #ဒေသခံများကိုဖမ်းဆီး #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။