ဧရာဝတီတိုင်းမ်
မတ်လ ၂၄ ရက်
ဘောလခဲခရိုင်၊ ကယား(ကရင်နီ)ပြည်နယ်၊ ၀မ်ဗလကျေးရွာအနီးရှိ သစ်လုပ်ငန်းလုပ်ကိုင်နေသည့် လုပ် ငန်းခွင်ကို ယမန်နေ့က စစ်ကောင်စီမှ လေယာဉ်များဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ် သားပြည်သူ ၃ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် ယမန်နေ့ မတ်လ ၂၃ ရက် ညနေ ၄ နာရီခွဲအချိန်တွင် တိုက် လေယာဉ် နှစ်စီးဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် တိုက်ပွဲဖြစ် ပွားခြင်းမရှိသည့် သံလွင်မြစ်အရှေ့ဘက်ခြမ်းရှိ သစ်ထုတ်လုပ်သည့် လုပ်ငန်းခွင်တစ်ခုပေါ်သို့ ပေါင်အလေးချိန် ၅၀၀ ခန့်ရှိသည့် ဗုံး ၅ လုံးပစ်ချတိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း တပ်ဖွဲ့မှ ပြန်ကြားရေးတာ၀န်ခံ မုန်တိုင်းမှ ပြောသည်။
“စစ်ရေးပစ်မှတ်တဲ့နေရာကို ပစ်ချသွားတာပါ။ ပြီးတော့ တိုက်ပွဲလည်း ဖြစ်နေတာမျိုးမရှိဘူး။ တမင်ရည်ရွယ်ချက်ရှိရှိနဲ့ကို လုပ်သွားတာပါ။ ထိခိုက်သေ ဆုံးသွားသူတွေက အသက် ၂၀ ကနေ ၅၀ ကြားရှိတဲ့ သူတွေပါ။ သာမန်အရပ်သားပြည်သူတွေပါ။ သစ်လုပ်ငန်းခွင်ပေါ်ကို ပစ်ချသွားတာ”ဟု ဘောလခဲပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာ၀န်ခံ မုန်တိုင်းမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လေကြောင်းမှ တိုက်ခိုက်မှုကြောင့် သစ်လုပ်ငန်းခွင် မှ အရပ်သားပြည်သူ စုစု ပေါင်း ၈ ဦး ထိခိုက်ခဲ့ရာ ၃ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ လုပ်ငန်း ခွင်မှကားများလည်း ပျက်ဆီးခဲ့သည်ဟုဆိုသည်။
ယခုပစ်ခတ်တိုက်ခံရသည့် ၀မ်ဗလကျေးရွာသည် တိုက်ပွဲဖြစ်ပွားနေသည့် နေရာနှင့် ကီလိုမိတာ ၂၀ ကျော်ကွာဝေးကြောင်း သိရှိရသည်။
အလားတူ ဘောလခဲတွင် ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့က ရေနီပေါက် ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်းနှင့် စစ်ကောင်စီ တပ်မှ ရေနီပေါက်ကျေးရွာနှင့် မိုင်းထမ်းကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းအပါအ၀င် နေအိမ် ၂၀ ပျက်စီးခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီကြောင့် ရေနီပေါက်ကျေးရွာ၊ မိုင်းထမ်းကျေးရွာနှင့် ၀မ်ချယ်ကျေးရွာမှ ပြည်သူ ၁၀၀၀ ကျော်ခန့်သည် နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင်နေရသည်ဟု သိရှိရသည်။
#ကရင်နီ #ဘောလခဲ #၀မ်ဗလကျေးရွာ #သစ်လုပ်ငန်း #စစ်ကောင်စီ #လေကြောင်း #ပစ်ခတ်တိုက်ခိုက် #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/ayeyarwaddytimes/reviews/…