ဧရာဝတီတိုင်းမ်
(ရေး)၊ မတ်လ ၂၄ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာသစ်အနီးရှိ စစ်ကောင်စီ၏ အမှတ် (၆၁) ခြေလျင်တပ်ရင်း (ခလရ-၆၁) တပ်ရင်းဂိတ်မှစစ်ကောင်စီတပ်သည် ယမန်နေ့ မတ်လ ၂၃ ရက် ည ၇ နာရီဝန်းကျင်တွင် ဆိုင်ကယ်မောင်းလာသည့်အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ကျောင်းရွာတိုက်နယ်၊ ဖားကြီးကျေးရွာတွင်နေထိုင်သည့် ကိုကြည်ဝင်း အသက်(၃၅) နှစ်ဝန်းကျင် နှင့် မောင်လေးငယ်ဆိုသူ နှစ်ဦးသည် ရေးမြို့မှဖားကြီးကျေးရွာသို့ ပြန်လာစဉ် ခမရ (၆၁) တပ်ရင်းဂိတ်အရောက်တွင် ည ၆ နာရီကျော်တွင် အပြင်ထွက်သည်ဟုဆိုကာ ဆိုင်ကယ်မောင်းလာသည့် ကိုကြည်ဝင်းကို ပစ်သတ် ခဲ့ကြောင်း သိရသည်။

“နှစ်ယောက်လုံးကရိုးရိုး အရပ်သားတွေပဲ။ ရေးဘက်ကနေ ဖားကြီးရွာကို အမြန် ပြန်မောင်းလာကြတာ။ (၆၁) ဂိတ်အရောက်မှာ အချိန်လွန်သွားလို့ဆိုပြီး အမေးအမြန်းမရှိပစ်သတ်လိုက်တာ။ ကိုကြည်ဝင်းကို အဲ့ဒီကနေ ဆေးရုံကိုခေါ်သွားပြီး ည ၉ နာရီလောက်မှာ ဆုံးသွားတယ်ဆိုပြီး သိရတယ်။ သူနဲ့အတူလိုက်လာနဲ့ မောင်လေးငယ်က အဆက်အသွယ်ပြတ်နေတယ်” ဟု အသက် ၄၀ ဝန်းကျင်ရှိ ရေးဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်မှ အမေးအမြန်းမရှိ ပစ်ခတ်ခဲ့သည့် ကိုကြည်ဝင်းကို ရေးမြို့ ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ည ၉ နာရီဝန်းကျင်တွင် သေဆုံးခဲ့ပြီး အတူပါလာသူ မောင်လေးငယ်မှာလည်း အဆက်သွယ်ရရှိခြင်းမရှိပဲ ပျောက်ဆုံး နေကြောင်း သိရသည်။

စစ်ကောင်စီသည် ရေးမြို့နယ်ကို ဖေဖော်ဝါရီလ ၂ ရက်နေ့မှ စတင်၍ စစ်အုပ်ချုပ်ရေး အာဏာကျင့်သုံးသည့်နယ်မြေအဖြစ် ကြေညာခဲ့ပြီး ည ၆ နာရီမှ မနက် ၆ နာရီအထိ ညမထွက်ရ အမိန့်အပါဝင် ဒေသန္တရစစ်အုပ်ချုပ်ရေး အမိန့်များ ထပ်မံချ မှတ်ခဲ့သည်။ ထို့သို အမိန့်များချမှတ်ပြီးနောက် ဒေသခံများအား ခြိမ်းခြောက်ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်းများကို စစ်ကောင်စီတပ်သားများမှ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံက သိရသည်။

#တနင်္သာရီတိုင်း #ရေးမြို့နယ် #စစ်ကောင်စီတပ် #ခလရ၆၁ #အမျိုးသား #ပစ်သတ် #Ayeyarwaddy_Times