ဧရာဝတီတိုင်းမ်
မတ်လ ၂၄ ရက်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများ၌ ခိုလှုံနေကြသည့် စစ်ဘေးရှောင်များထဲမှ စစ်ဘေးရှောင် အိမ်ထောင်စု ၆၄၄ စုအား စစ်ကောင်စီက ငွေ ၆သိန်းပေး၍ မတ်လ ၃၁ ရက်နေ့ကို နောက်ဆုံးထားကာ နေရပ်ပြန် ခိုင်းထားကြောင်း သိရသည်။
နေရပ်ပြန်ကြရမည့် စစ်ဘေးရှောင်များမှာ ကုလားတန်မြစ် အနောက်ဖက်ကမ်းရှိ ရွှေပြည်သစ်၊ ရွှေပြည်၊ ကျောက်ဂူစု၊ ပြိုင်းတိုင်း၊ အလယ်ကျွန်း၊ကျော်ချေပြင်၊ မာလာ၊ သာစည်၊မျောက်တောင်စသည့် ကျေးရွာများမှ ဒေသခံများဖြစ်ကြသည်။
” ပြန်ခိုင်းနေတာတော့ တစ်ကြိမ်၊နှစ်ကြိမ်ရှိနေပါပြီ။ဒါပေမဲ့ ဒီတစ်ခါရက်အကန့်အသတ်ပေးပြီး ပြောလာတော့ ကျွန်တော်တို့လည်း ဘာမှလုပ်မရတော့ဘူးလေ။ အစိုးရမှာ ဘတ်ဂျက်ငွေအဆင်မပြေတဲ့အတွက် အိမ်ထောင်စု ၆၀၀ ကျော်ကိုပဲ အရင်ပို့တာတဲ့။ကျောက်တော်ကစစ်ဘေးရှောင်စခန်းတိုင်းမှာရှိတဲ့ အနောက်ဖက်ကမ်းခြေရွာက ဒေသခံတွေအကုန်လုံးပြန်ရမှာ။အစိုးရက ၅သိန်း၊ဘေးစီမံက လမ်းစရိတ် ၁သိန်းနဲ့ပစ္စည်းတွေကို ၂၉ ရက်နေ့လာပေးမယ်လို့ပြောသွားတယ်” ဟု ကျောက်တော်မြို့ပေါ်ရှိ သိမ်ကျောင်းစစ်ဘေးရှောင်စခန်းတာဝန်ခံက ဧရာဝတီတ်ိုင်းမ်ကိုပြောသည်။
အစိုးရ၏ ဘတ်ဂျက်ငွေအခြေအနေအရ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်အားလုံးကို နေရပ်ပြန်ပို့ရန် အဆင်မပြေသည့်အတွက် လတ်တလောတွင် အိမ်ထောင်စု( ၆၄၄ )စုကိုသာ ပထမဦးစားပေးအဖြစ် ပြန်ခိုင်းရခြင်းဖြစ်ကြောင်း စစ်ကောင်စီက မတ်လ၂၀ ရက်နေ့ကအစည်းအဝေးတွင် ပြောဆိုခဲ့သည်ဟု စခန်းတာဝန်ခံများထံမှ သိရသည်။
အိမ်ထောင်စု ၄၂၃ စုရှ်ိသည့် မဟာမုနိစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၂၅၃ စုအား နေရပ်ပြန်ပို့ပြီး ကျန်အိမ်ထောင်စုများအား အခြားစခန်းတစ်ခုသို့ပြောင်းရွှေ့ကာ စခန်းကိုဖျက်သိမ်းမည်ဟု ပြောဆို ခဲ့ကြောင်း စခန်းတာဝန်ခံ ကိုသန်းဌေးကပြောသည်။
” အထောက်အပံ့မရတာ ၉ လလောက်ကြာလာပြီဆိုတော့ အကုန်လုံးကအခက်အခဲတွေနဲ့ငြီးငွေ့လာကြလို့ထင်တယ်။ ပြန်မယ့်သူတွေစာရင်းကောက်တုန်းက အိမ်ထောင်စု ၂ ရာကျော်စာရင်းပေးထားတဲ့အတွက် အခုပြန်ရတာပါ။သူတို့လည်း ပြန်ချင်လို့ပြန်ကြတာတော့မဟုတ်ဘူး။ဘာမှမထူးတဲ့အခြေနေတရပ်ကြောင့် စိတ်ကုန်လာကြတာပါ။အခု စာရင်းပေးထားတဲ့သူတွေကို နေရပ်ပြန်ပို့မယ်။ကျန်တဲ့အိမ်ထောင်စုတွေကိုတော့ ကျောက်တော်မြို့နယ်ထဲက ညောင်ချောင်းစစ်ဘေးရှောင်စခန်းထဲမှာ ပေါင်းထားမယ်လို့ပြောတယ်။မဟာမုနိစခန်းကိုတော့ ဖျက်သိမ်းမှာပေါ့” ဟု ၄င်းကပြောသည်။
စစ်ဘေးရှောင်များအနေဖြင့် လုံခြုံရေးအခြေနေအရ အာမခံချက်မရှိသည့် မိမိဒေသများသို့ မပြန်ချင်သော်လည်း စစ်ကောင်စီက မဖြစ်မနေပြန်ရန် ဖိအားပေးပြောဆိုမှုများရှိလာနေသည့်အတွက် နေရပ် ပြန်ရန်စီစဉ်နေရခြင်းသာဖြစ်သည်ဟု စစ်ဘေးရှောင်များကပြောဆ်ိုသည်။
ကျောက်တော်မြို့ပေါ်ရှိ ရှမ်းရွာစစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတစ်ဦးက “ကျမတို့လည်း စစ်ဘေးရှောင်စခန်းမှာ အဆင်ပြေလွန်းလို့ နေတာမှမဟုတ်တာ။ အထောက်အပံ့လည်းမရဘဲအခက်အခဲနဲ့နေတာ။ ဘာလို့လဲဆ်ိုတော့ ကျမတို့မှာ ပြန်သွားရင်နေဖို့အတွက် အိမ်မရှိလို့ အဆင်ပြေသလိုရှာစားပြီးနေတာ။အခုစစ်ကောင်စီဖက်က လုံခြုံရေးအာမခံချက် ဘာမှမပေးဘဲ ပြန်ခိုင်းနေတော့ အမှန်တိုင်းပြောရရင် မပြန်ရဲဘူး။ဒါပေမဲ့ မပြန်လို့မရတဲ့အနေအထားဖြစ်လာတော့ ဘာပဲဖြစ်ဖြစ် ပြန်ရတော့မှာ။ရွာရောက်ရင် ဘယ်လိုသွားနေရမလဲဆိုတာလည်း မသိသေးဘူး။ပြီးတော့ ပထမတခေါက်နေရပ်ပြန်ခိုင်းတုန်းက ပြန်ဖို့က်ိစ္စ သူတို့စီစဉ်ပေးမယ်ပြောထားတာ။ အခုတော့ ငွေ၆သိန်းယူပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ်ပြန်ကြလို့ပြောတယ်” ဟုပြောသည်။
ကျောက်တော်မြို့နယ်ရှိ မဟာမုနိစစ်ရှောင်စခန်း၊ညောင်ချောင်း၊ တောင်မင်း၊ကဝိရတနာ၊ မဟာကံကြီးသျှင်၊ ရှမ်းရွာ၊သိမ်တောင်၊နီပူခံ၊မီးရထားဘူတာစသည့်စစ်ဘေးရှောင်စခန်းများတွင် အိမ်ထောင်စု ၁၀၀၀ ကျော်ခိုလှုံလျှက်ရှိပြီး ယင်းထဲမှအိမ်ထောင်စု ( ၆၄၄) စုကို စစ်ကောင်စီကနေရပ်ပြန်ပို့ပေးရန် စီစဉ်နေခြင်းဖြစ်သည်။
ယခုကိစ္စနှင့်ပတ်သက်၍ အခြေနေအသေးစိတ်ကိုမေးမြန်းရန် ရခိုင်ပြည်နယ် စစ်ကောင်စီ အဖွဲ့ပြောရေးဆိုခွင့်ရှ်ိသူ ဦးလှသိန်းအား ဧရာဝတီတိုင်းမ်အနေဖြင့် ဖုန်းဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိခဲ့ပေ။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက စစ်ကောင်စီဝန်ကြီးအချို့သည် ရခိုင်သို့လာရောက်ကာ စစ်ဘေးရှောင်များအား နေရပ်ပြန်ကြရန် တိုက်တွန်းပြောဆိုမှုများပြုလုပ်ခဲ့ပြီးနောက် မင်းပြား၊မြေပုံ၊ပုဏ္ဏားကျွန်း၊အမ်းစသည့် မြို့နယ်များမှစစ်ဘေးရှောင်အချို့ကို နေရပ်ပြန်ပို့ကာ စခန်းများအား ဖျက်သိမ်းခဲ့သည်။
#ရခိုင်ပြည်နယ် #စစ်ဘေးရှောင် #စစ်ကောင်စီ #ငွေပေးနေရပ်ပြန်လွှတ် #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/ayeyarwaddytimes/reviews/…