နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ်လ ၂၄ ရက်
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အပေါင်းအပါများကို လာမည့်မတ်လ ၂၇ ရက် တော်လှန်ရေးနေ့ (သို့မဟုတ်) တပ်မတော်နေ့တွင် ပြည်တွင်းပြည်ပမှ ဗုဒ္ဓဘာသာ သံဃာတော်များက ပတ္တနိက္ကုဇ္ဇနကံဆောင် (သပိတ်မှောက်)သွားမည်ဖြစ်ကြောင်း နိုင်ငံတကာ ငြိမ်းချမ်းရေး သံဃကွန်ရက်မှ ဆရာတော် ဦးဇင်းဂျောင်းဂျောင်းက ဧရာဝတီတိုင်းမ်ကို မိန့်သည်။
မြန်မာနိုင်ငံတွင် အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်သတ်ဖြတ်မှုအပါအဝင် ဥပဒေမဲ့ လုပ်ရပ်များ၏ အဓိကတာဝန်ရှိသူ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အပေါင်းအပါများကိုသာ ရည်ညွန်း၍ ပတ္တနိက္ကုဇ္ဇနကံဆောင် (သပိတ်မှောက်)သွားမည်ဖြစ်ကြောင်းနှင့် ၎င်းတို့က အမှားကိုသိ၍ တောင်းပန်လာပါက ဝတ်နည်းတော်အရ ညီညွတ်သည်ဆိုလျှင် သပိတ်ကိုပြန်လှန်ပေးရကြောင်း သိရသည်။
“ပတ္တနိက္ကုဇ္ဇန ကံဆောင်တယ်ဆိုတာက ပတ္တဆိုတာက သပိတ်၊ နိက္ကုဇ္ဇနဆိုတာက မှောက်တာပေါ့နော်။ သံဃာတော်က သပိတ်မှောက်ခံရတဲ့ လူပုဂ္ဂိုလ်၊ ဒါမှမဟုတ် အဖွဲ့အစည်းနဲ့ လုံးဝပတ်သက်ခြင်း မရှိဘူး။ ဆောင်ရွက်ခြင်း မရှိတော့ဘူးဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်တယ်ပေါ့နော်။ အဓိကကတော့ မင်းအောင်လှိုင်ပေါ့။ ခရိုနီဘာညာတွေကအစ ပါမှာပေါ့နော်။ အဓိကတာဝန်ရှိတဲ့သူတွေကို လုပ်တာပါ။ အရင်တုန်းကလည်း ပတ္တနိက္ကုဇ္ဇနကံဆောင်ခဲ့တယ်။ အခုအချိန်မှာ ပတ္တနိက္ကုဇ္ဇနကံဆောင်ရမယ့် တာဝန်ဟာ ဦးဇင်းတို့ပခုံးပေါ် ကျလာပြီဆိုပြီးတော့ လုပ်ဖြစ်တာ ဖြစ်ပါတယ်” ဟု ဆရာတော် ဦးဇင်းဂျောင်းဂျောင်းက ဧရာဝတီတိုင်းမ်ကို မိန့်ကြားသည်။
အဆိုပါသပိတ်မှောက်မှုကို ပြည်တွင်းပြည်ပမှ ထေရဝါဒနှင့် မဟာယနဝါဒ ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်များက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိအထိ စာရင်းပေးပို့လာမှုအရ မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ သံဃာတော်များ ပါဝင်သွားမည်ဖြစ်ကြောင်းနှင့် ယခုထက်ပိုမို တိုးလာရန်ရှိကြောင်း သိရသည်။
“အဓိကကတော့ ပြည်တွင်းက ဆရာတော်တွေကို လျှောက်ချင်တယ်ပေါ့နော်။ တချို့(သံဃာ)ဆိုလို့ရှိရင်လည်း ဖိတ်ကြားလွှာ၊ ပင့်လျှောက်လွှာ ရောက်မယ်မထင်ဘူး။ တချို့(သံဃာ)လည်း လိုင်းမမိတဲ့နေရာတွေ ရောက်သလို တချို့(သံဃာ)တွေလည်း ပုန်းရှောင်တိမ်းရှောင်ရလို့ နေရာအသီးသီးမှာ ရောက်နေတယ်။ အဲဒါကြောင့်မို့ ဒီဥစ္စာကို မသိလိုက်တဲ့ သံဃာတွေလည်း ရှိတယ်ပေါ့နော်။ ဒါပေမယ့် ဦးဇင်းတို့အနေနဲ့ကတော့ သံဃာအားလုံး ပါစေချင်တယ်။ မကြားခဲ့၊ မသိခဲ့ရရင်လည်း ဦးဇင်းတို့က သဘောတူတယ်လို့ မှတ်ယူပါတယ်” ဟု ဆရာတော်က မိန့်သည်။
လာမည့်မတ်လ ၂၇ ရက် တော်လှန်ရေးနေ့ (သို့မဟုတ်) တပ်မတော်နေ့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကျင်းပပြုလုပ်မည့် အခမ်းအနားများနှင့် တပြိုင်နက်တည်း ပြုလုပ်လိုသော်လည်း ပါဝင်ဆောင်ရွက်ကြမည့် နိုင်ငံအလိုက် အချိန်ကွာဟမှုကြောင့် ထိုနေ့ည မြန်မာစံတော်ချိန် ည ၈ နာရီတွင် Zoom Meeting မှတစ်ဆင့် Live လွှင့်၍ ပတ္တနိက္ကုဇ္ဇနကံဆောင် (သပိတ်မှောက်)သွားမည်ဖြစ်ကြောင်း သိရသည်။
ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်များ ပတ္တနိက္ကုဇ္ဇနကံဆောင်ခြင်းကို ၁၉၉၀ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၀၇ ခုနှစ်တွင် တစ်ကြိမ်နှင့် ယခုအကြိမ်နှင့်ဆိုလျှင် စုစုပေါင်း သုံးကြိမ်ရှိပြီဖြစ်ကြောင်း နိုင်ငံတကာ ငြိမ်းချမ်းရေး သံဃကွန်ရက်မှ ဆရာတော် ဦးဇင်းဂျောင်းဂျောင်းက ဆက်လက်မိန့်ကြားသည်။
#စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #တော်လှန်ရေးနေ့ #သပိတ်မှောက်ခံရမည်
#Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။