ဆောင်းပါးရှင် – ဆလိုင်းသန့်စင်
ဧရာ၀တီတိုင်းမ်/ မတ်လ ၂၃ ရက်)

အစိမ်းရောင်မီးလင်းနေသော “အဂ္ဂဝံသ”ဟူသည့် Facebook အကောင့်မှ နေ့စဉ် ညနေပိုင်း၊ ညပိုင်းရောက်လျှင် ဓာတ်ပုံများ စာရေးသူထံ ပို့လာလေ့ရှိသည်။ ပုံများက စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြသည့်ဓာတ်ပုံများဖြစ်သည်။ ဦးဆောင်သူက ဦးအဂ္ဂဝံသ။

သူ့ကို နိုင်ငံရေးလောကနှင့် သတင်းမီဒီယာလောက၌ ပြည်ကြီးတံခွန်ဆရာတော်ဟု လူသိများသည်။ စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြမှုကြောင့် ပုဒ်မ ၅၀၅ ဖြင့် ဖမ်း၀ရမ်း ထုတ်ခံထားရသဖြင့် ၅၀၅ ဆရာတော်ဟုလည်း တချို့က ခေါ်ကြသည်။

ဦးအဂ္ဂဝံသသည် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စိတ္တသုခ ပတ္တမြားကျောင်းတိုက်တွင် သီတင်းသုံးသည်။ စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ မတ်လအထိ ၂ နှစ်တာ ကာလအတွင်း ရက်ပေါင်း ၇၀၀ ကျော် နေ့စဉ်မပြတ် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့သည့် ဆရာတော်ဖြစ်သည်။

“သူက ကျွန်တော်တို့သတင်းဌာနကို ဆန္ဒပြပုံတွေ စပို့လာတာ ၂၀၂၁ မတ်လကတည်းက။ အဲ့ကနေ ၂၀၂၃ ခုနှစ် မတ်လအထိ တရက်မှ မပျက်ဘဲ စစ်ကောင်စီကို ဆန္ဒပြခဲ့တဲ့ဆရာတော်။ မြန်မာနိုင်ငံမှာ ရက်ပေါင်း ၇၀၀ ကျော် အထိ နေ့စဉ်ရက်ဆက် အရှည်ကြားဆုံး ဆန္ဒပြခဲ့တဲ့ဆရာတော်လို့ ပြောလို့ရတယ်“ဟု ဓာတ်ပုံသတင်းများ ဖော်ပြခဲ့သူ ဧရာ၀တီတိုင်းမ်သတင်းဌာန တာဝန်ခံ အယ်ဒီတာ မင်းထက်မုန်းက ပြောပြသည်။

ပြည်ကြီးတံခွန်သပိတ် ဦးဆောင်ဆရာတော် ဦးအဂ္ဂဝံသက ဆန္ဒပြဓာတ်ပုံများကို တခါတရံ ဧရာ၀တီတိုင်းမ် သတင်းဌာန Facebook Page ၏ မက်စင်ဂျာမှ ပို့သည်။ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းလောက်ကစပြီး စာရေးသူထံ မက်စင်ဂျာက နေ့စဉ်ပို့သည်။

သူက စစ်အာဏာရှင် အလိုမရှိကြောင်းကို လမ်းမပေါ်မှာလည်း ဆန္ဒပြသည်။ တခါတရံ ဘုန်ကြီးကျောင်းထဲ၊ တခါတရံ ရပ်ကွက်ထဲ၊ တခါတလေ ကျေးရွာတွေမှာပါ ဆန္ဒပြသည်။ လုံခြုံရေးအရ အခွင့်မသာလျှင် စာရွက်ကိုင်၍လည်း ဆန္ဒပြသည်။ တခါတရံ ညဘက် မီးတုတ်ကိုင်၍ ဆန္ဒပြသည်။ ထို့ကြောင့် သူ၏ဆန္ဒပြမှုက ပုံသဏ္ဍာန်မျိုးစုံ ဖြစ်သည်။ မပြောင်းလဲသည်က ဇွဲနဘဲဖြင့် နေ့စဉ်မပျက်မကွက်ပြုလုပ်သော ဆန္ဒပြမှု ဖြစ်သည်။

ဆရာတော် သီတင်းသုံးရာ ပြည်ကြီးတံခွန်မြို့နယ်အတွင်း လုံခြုံရေးတင်းကြပ်သည့်နေ့ဆိုလျှင် “ဒီနေ့တော့ လုံခြုံရေး သိပ်အခြေအနေမကောင်းဘူး ဒကာကြီးရေ။ ရတဲ့အချိန် သပိတ်လုပ်ပြီး ပုံရိုက်ပြီးပို့လိုက်တာ”ဟု မိန့်ကြားကာ ဓာတ်ပုံများ ပို့လေ့ရှိသည်။

“ဦးဇင်း၊ ဒီနေ့ ဘယ်နှစ်ရက်မြောက် ဆန္ဒပြတာလဲ”ဟု မေးလျှင် သူဆန္ဒပြသော နေ့ရက်အရေအတွက် အတိအကျကို သူမဆိုင်းမတွ ပြန်ဖြေတတ်သည်။

မန္တလေးမြို့သည် စစ်အာဏာသိမ်းမှုကို စစ်ကြောင်းပေါင်းစုံဖြင့် အရှည်ကြာဆုံး ဆန္ဒပြဆန့်ကျင် ခဲ့သောမြို့ထဲတွင် ထိပ်ဆုံးကပါသည်။ စစ်ကောင်စီကလည်း ဆန္ဒပြသူတွေကို အရပ်ဝတ်ဖြင့် လမ်းမှာ စောင့်ဖမ်းသည်။ သေနတ်ဖြင့် ပစ်ဖမ်းသည်။ ကားဖြင့်တိုက်ဖမ်းသည်။

လူပုဂ္ဂိုလ်များသာမက သံဃသမဂ္ဂစစ်ကြောင်း ဦးဆောင် ဆရာတော်တွေကိုပါ ဖမ်းဆီး၊ လူ၀တ်လဲ ထောင်ချကာ အကြမ်းမဖက် ဆန္ဒပြပွဲတွေကို နှိပ်ကွပ်ခဲ့သည်။

စစ်ကောင်စီက နည်းမျိုးစုံဖြင့် ဖမ်းသော်လည်း ဦးအဂ္ဂဝံသက လွတ်အောင်ပြေးရင်း နည်းမျိုးစုံဖြင့် နေ့စဉ် ဆန္ဒပြသည်။

စစ်ကောင်စီက နေ့စဉ်ဆန္ဒပြနေသည့် ပြည်ကြီးတံခွန်သပိတ် ဦးဆောင်သူ ဦးအဂ္ဂဝံသကို ဖမ်းဆီးဖို့ အပြင်းအထန် ကြိုးပမ်းသည်။ ဆရာတော်သီတင်းသုံးသည့် စိတ္တသုခ ပတ္တမြားကျောင်းတိုက်ကို ၃ ကြိမ်တိုင် ဝင်ရောက်စီးနင်းခဲ့သည်။

စစ်ကောင်စီ၏အပြင်းအထန် လိုက်လံဖမ်းဆီးမှုကြောင့် ဦးအဂ္ဂဝံသ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ဘက်သို့ ထွက်ပြေးခဲ့သည်။ မြင်းမူ၊ မြောင်၊ ယင်းမာပင်နယ်များတွင် စစ်ဘေးရှောင်များကို ကူညီရင်း သူ နေ့စဉ်မပြတ် ဆန္ဒဖော်ထုတ်ခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့က ဦးအဂ္ဂဝံသအတွက် ကံဆိုးမိုးမှောင်ကျသည့်နေ့ ဖြစ်ခဲ့သည်။ သူရှောင်တိမ်း နေထိုင်သော မြင်းမူမြို့နယ်၊ လက္ကပင်ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ဆရာတော်နှင့် ဒေသခံများကို ဖမ်းဆီးခဲ့သည်။

“ဆရာတော်က မတ်လ ၄ ရက်နေ့အထိ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြဓာတ်ပုံတွေ ကျနော်တို့ဆီ ပို့ပေးခဲ့တယ်။ ၅ ရက်နေ့ကစပြီး အဆက်အသွယ် မရတော့ဘူး။ ၁၀ ရက်နေ့ကျမှ ဆရာတော် အဖမ်းခံလိုက်ရပြီ ဆိုတဲ့သတင်းတွေ တက်လာတယ်။ အဲ့ကျမှ ဆရာတော်ဟာ အဖမ်းမခံရမီ ၁ ရက်အလိုနေ့အထိ ဆန္ဒပြခဲ့တယ် ဆိုတာ သိလိုက်ရတယ်”ဟု ဓာတ်ပုံသတင်းများ ဖော်ပြခဲ့သူ လက်ထောက်အယ်ဒီတာ ကိုကိုလေးက ပြောဆိုသည်။

ဆရာတော်ကို ဖမ်းဆီးခဲ့သည့်တပ်က စစ်ကိုင်းမြို့နယ်၊ တာတိုင်ရွာ၌ အမျိုးသမီး ၃ ဦးအပါအဝင် လူ ၁၇ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် တပ်မ ၉၉ လက်အောက်ခံတပ်ဖြစ်သည်။

၎င်းတို့ကိုယ်ကို ဘီလူး ကွန်မန်ဒိုတပ်ဖွဲ့ဟု အမည်ပေးထားသည့် ယင်းတပ်သည် လက္ကပင်ရွာကို ဝင်စီးပြီး ဒေသခံ PDF တပ်ဖွဲ့ဝင် ၅ ဦးနှင့် ရွာသား ၁ ဦးကို ရက်စက်စွာ သတ်ဖြတ်ပြီး အလောင်းတွေကို မြစ်ထဲမျှောပစ်ခဲ့သည်။

ယင်းစစ်ကောင်စီတပ်က ပြည်ကြီးတံခွန်ဆရာတော်ကို လူဝတ်လဲပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ဆရာတော်နှင့်အတူ ဒေသခံ လက္ကပင်ရွာသား ၄ ဦးမှာလည်း ယနေ့အချိန်အထိ သတင်းအစအန မရဘဲ ပျောက်ဆုံးနေသည်။

လက်ရှိတွင် ဆရာတော်ကို စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ စစ်ကြောရေးစခန်းတွင် စစ်ဆေးနေသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အတည်ပြု၍ မရသေးပေ။ စစ်ကောင်စီဘက်မှလည်း ပြည်ကြီးတံခွန် ဆရာတော်နှင့်ပတ်သတ်၍ သတင်းထုတ်ပြန်မှု မရှိသည်ကို တွေ့ရသည်။

လူအစုလိုက်အပြုံလိုက်သတ်ဖြတ်နေသည့် ဘီလူးကွန်မန်ဒိုစစ်ကြောင်းသည် ဒေသခံများကို ဖမ်းခေါ်သွားပြီးလျှင် လမ်း၌ ရက်စက်စွာ သတ်ဖြတ်လေ့ရှိသဖြင့် ဆရာတော် ဦးအဂ္ဂဝံသနှင့် ဒေသခံ ၄ ဦး၏ကံကြမ္မာက စိုးရိမ်ဖွယ်ရာဖြစ်သည်။

ရက်စက်ကြမ်းကြုတ်စွာ ညှဉ်းပန်းနှိပ်စက်၍ စစ်ဆေးလေ့ရှိသည့် စစ်ကြောရေးစခန်း၌ ရောက်ရှိနေကြောင်း တိကျခိုင်မာစွာ သတင်းသိရလျှင်ပင် ဦးအဂ္ဂဝံသအတွက် ဝမ်းသာရမည့်အခြေအနေဖြစ်သည်။

စစ်အာဏာသိမ်းမှု ၂ နှစ်ကျော်ကာလအတွင်း ညပိုင်းရောက်လျှင် ဓာတ်ပုံများ ပို့လေ့ရှိပြီး မီးစိမ်းနေသော ဦးအဂ္ဂဝံသ၏ Facebook အကောင့်သည် ယခု မီးမလင်းတော့ဘဲ ရှိနေလေသည်။

#ဆောင်းပါး #ပြည်ကြီးတံခွန်ဆရာတော် #ဦးအဂ္ဂဝံသ #မြင်းမူ #လက္ကပင်ရွာ #Ayeyarwaddy_Times