ဧရာဝတီတိုင်းမ်
မတ်လ ၂၁ ရက်
ရခိုင်ပြည်နယ်၊ကျောက်တော်မြို့တွင် ယမန်နေ့ မတ်လ၂၀ရက်နေ့ မွန်းလွဲ ၃နာရီ၃၀ မိနစ်ခန့်က စစ်အုပ်စုပိုင် မိုင်တဲလ် (Mytel) ဝိုင်ဖိုင်စက်တပ်ဆင်နေသည့် စစ်ဘေးရှောင် လူငယ် အလုပ်သမား သုံးဦး ဓာတ်လိုက်မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူများမှာ ကျောက်တော်မြို့ ကဝိရတနာ စစ်ဘေးရှောင်စခန်းတွင် နေထိုင်သည့် ပလက်ဝမြို့နယ်၊ ကြက်ရက်ကိုင်းရွာမှမောင်အောင်သိန်းထွန်း အသက် ၁၈ နှစ်၊ ကျောက်တော်မြို့နယ် မီးဝကျေးရွာမှ မောင်ကျော်ဆန်း ၁၈ နှစ်နှင့် မဟာကံကြီးသျှင်စစ်ဘေးရှောင်စခန်းတွင် နေထိုင်သည့် ပလက်ဝမြို့နယ်၊ ရီချမ်းဝ ကျေးရွာမှ မောင်အေးလှထွန်း အသက် ၁၇ နှစ်တို့ဖြစ်ကြသည်။
ယမန်နေ့ ညနေပိုင်းက ကျောက်တော်မြို့၊မြို့သစ်ရပ်ကွက်ရှိ ပိတောက်လမ်း၌ ဝိုင်ဖိုင်စက်တပ်ဆင်နေစဉ် မိုးရွာသွန်းမှုကြောင့် ဝါယာရှော့ဖြစ်ကာ ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်ဟု သွားရောက်သယ်ဆောင်ခဲ့သည့် ဖြူစင်မေတ္တာ ပရဟိတအသင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုနိုင်မင်းလွင်ထံက သိရသည်။
“Mytel ဝိုင်ဖိုင်စက်က ကျွန်တော်တို့ ကျောက်တော်မြို့ကို အခုမှစဝင်တဲ့ ပစ္စည်းလို့ပြောတယ်။ ဒါကြောင့် ရပ်ကွက်တွေမှာ လိုက်တပ်နေကြတာ။ သူတို့စတပ်နေတုန်းမှာတော့ မိုးမရွာသေးဘူးလို့ပြောတယ်။ တပ်နေတုန်းတန်းလန်းမှာပဲ မိုးရွာလာပြီးတော့ ဘေးနားက ဓာတ်တိုင်ကြိုးနဲ့သွားထိမိတယ်လို့ပြောတယ်။ ကောင်လေး သုံးယောက်စလုံးက စစ်ဘေးရှောင်စခန်းကနေ အလုပ်ထွက်လုပ်တဲ့ လူငယ်တွေချည်းပါပဲ။ ကျွန်တော်တို့ ဆေးရုံကိုယူလာတုန်းကဆို ကောင်လေးတွေက ကြောက်လန့်ပြီး စကားတောင်မပြောနိုင်ကြဘူး” ဟု ကိုနိုင်မင်းလွင်က ဧရာဝတီတိုင်းကို ပြောသည်။
ဓာတ်လိုက်မှုကြောင့် လူငယ် သုံး ဦး၏ ဦးခေါင်း၊ ခြေ၊ လက်နှင့် မျက်နှာတို့တွင် ဒဏ်ရာ အသီးသီးရရှိသွားကြပြီး လက်ရှိတွင် ကျောက်တော်ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်းသိရသည်။
“ကျွန်တော်က အသက်ကြီးနေပြီဆိုတော့ သား နှစ်ယောက်ကပဲ အလုပ်ထွက်လုပ်ပြီး ရှာကျွေးနေတာပါ။ WFP ကပေးတဲ့ငွေ ၂၂,၀၀၀ ကလည်း အခုဆန်ဈေးနဲ့ဆိုရင် ဘယ်လိုမှ အဆင်မပြေဘူးလေ။ အခုလည်း ဝိုင်ဖိုင်စက်သွားတပ်နေတာ ဒီနေ့နဲ့ဆို သုံးရက်ရှိပြီ။ မိသားစုကို ရှာကျွေးနေတဲ့သားတစ်ယောက်အခုလို အနာတရဖြစ်သွားတော့ မိဘ တစ်ယောက်ရဲ့ရင်ထဲမှာတော့ စိတ်မကောင်းဖြစ်တာပေါ့။ ဆေးကုစရိတ်ကိုတော့ သူတို့တပ်နေတဲ့ ဝိုင်ဖိုင်စက်ကုမ္ပဏီက ပေးမယ်လို့တော့ပြောတယ်” ဟု ဒဏ်ရာရရှိ သွားသည့် မဟာကံကြီးသျှင်စစ်ဘေးရှောင်စခန်းမှ မောင်အေးလှထွန်း၏ဖခင် ဦးကျော်လှဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် စစ်ဘေးရှောင်များကို ယခင်ကဲ့သို့ စားနပ်ရိက္ခာများ ထောက်ပံ့ ပေးခြင်းမရှိတော့ဘဲ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) တစ်ခုတည်းကသာ လူတစ်ဦးကို တစ်လလျှင် ကျပ် ၂၂,၀၀၀ ဖြင့် ပုံမှန်ထောက်ပံ့ပေးနေသည်။ အဆိုပါငွေသည် လက်ရှိ ကုန်ဈေးနှုန်းအရ အဆင်ပြေမှု မရှိသဖြင့် စစ်ဘေးရှောင်များမှာ စခန်းပြင်ပသို့ထွက်ကာ ကြုံရာကျပန်း အလုပ်များကို သွားရောက်လုပ်ကိုင်နေကြရခြင်းဖြစ်သည်။
ကျောက်တော်မြို့ပေါ်တွင် မဟာကံကြီးသျှင်၊ မီးရထားဘူတာ၊ ကဝိရတနာ၊ နီပူခံ စစ်ဘေးရှောင်စခန်း လေးခုရှိပြီး လက်ရှိတွင် အဆိုပါစစ်ဘေးရှောင်များကို နေရပ် ပြန်ပို့ရန်အတွက် စစ်ကောင်စီလက်အောက်ခံ မြို့နယ်ထွေအုပ်ရုံးမှ စာရင်းကောက်ယူနေ ကြောင်း စုံစမ်းသိရှိရသည်။
#ရခိုင်ပြည်နယ် #ကျောက်တော်မြို့ #မိုင်တဲလ်ဝိုင်ဖိုင် #စစ်ဘေးရှောင် #လူငယ်၃ဦး #ဓာတ်လိုက် #Ayeyarwaddy_Times