နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ်လ ၂၁ ရက်

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အလိုက် ရွာစဉ်မီးရှို့၊ သတ်ဖြတ် ၊ မုဒိမ်းကျင့် လုယက်မှုများကျူးလွန်ကာ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီက မုံရွာမြို့နယ်ရှိ သက်ဆိုင်ရာ NON CDM နှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်နေကြောင်း ၎င်းတို့၏ ဝါဒဖြန့် သတင်းစာတွင် ဖော်ပြခဲ့သည်။

စစ်ကောင်စီအဖွဲ့ဝင် ဦးမောင်ကိုနှင့် စစ်ကောင်စီက ခန့်အပ်ထားသည့် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးတို့သည် မတ်လ ၁၉ ရက်နေ့က မုံရွာမြို့နယ်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ NON CDM များနှင့် သွားရောက်တွေ့ဆုံပြီး ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားရေး၊ မိသားစုဝင်ငွေ တိုးပွားရေးတို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် အထောက်အကူပြု ကြိုးပမ်းဆောင်ရွက်ကြရန် ပြောဆိုခဲ့သည်။

“ကွင်းဆင်းဆောင်ရွက်နေတာကလည်း အနောက်မြောင်တိုင်းစစ်ဌာနချုပ် (နမခစစ် ဌာနချုပ်) အနီးမှာပဲ။ အဲလောက်ပဲ လုပ်တာတွေ့တယ်။ ဒီဘက်မှာတော့ အဲလိုမျိုး လာတာမျိုးတော့ မရှိပါဘူး။ သူတို့(စကစ) စစ်ကြောင်းတွေ တောက်လျှောက် ထိုးနေတော့ လုပ်ကိုင်ရတာ အဆင်မပြေဘူး။ သူတို့(စကစ) ရမ်းသန်းပစ်ခတ်လို့ တောင်ယာလုပ်နေရင်း သေနတ်မှန်ပြီး သေတာတွေလည်း ရှိတယ်ဗျ“ ဟု ဒေသခံတောင်သူ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မုံရွာမြို့နယ်သည် ခရမ်းချဉ်၊ ခရမ်းသီး၊ ကြက်ဟင်းခါး၊ ဗူး၊ ပန်းမုန်လာ၊ သခွား၊ ငရုပ်၊ ဆလပ် စသည့်ကုန်စိမ်းများ အများဆုံးထွက်ရှိသည့် ဒေသတစ်ခုဖြစ်သော်လည်း စစ်ကောင်စီ စစ်ကြောင်းများက ကျေးရွာများသို့ မကြာခဏ ဝင်ရောက် နေသည့်အတွက် ဒေသခံ ပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ကိုင်ရာတွင် အဆင်မပြေ ဖြစ်နေကြောင်း ဒေသခံများထံက သိရသည်။

“ဒီမှာကတော့ စိုက်ပျိုးမြေတွေရော၊ အခင်းတွေရော ဒီကောင်(စကစ)တွေ ဖျက်ဆီး နေတာ။ မုံရွာမြို့ဘက်အခြမ်းရော၊ ဆားလင်းကြီးမြို့ရောပေါ့နော်။ ကွမ်းခြံတွေ တော်တော်များများကိုလည်း ဒီကောင်(စကစ)တွေ မီးရှို့တယ်။ မုံရွာ-မန္တလေး လမ်းဘေးက ကွမ်းခြံတွေ၊ စိုက်ခင်းတွေကိုလည်း မီးရှို့ဖျက်ဆီးပစ်တယ်။ ဒီကောင်(စကစ)တွေ လာရင်း မီးရှို့၊ မုဒိမ်းကျင့်၊ သတ်ဖြတ်နေတော့ ပြည်သူတွေက လူပဲလွတ်အောင် ရှောင်ရတယ်။ တိရစ္ဆာန်တွေက ကျန်ခဲ့တာပေါ့။ ဒါတွေကို အကုန်ချက်စား၊ အိမ်တွေကို မီးရှို့တယ်” ဟု မုံရွာ Local PDF တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မုံရွာမြို့နယ်တွင် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ရမ်းသန်းပစ်ခတ်မှုကြောင့် ပြီးခဲ့သည့် ၃ လအတွင်း တောင်ယာလုပ်ကိုင်သူ ဒေသခံပြည်သူ ၃၀ ဦးဝန်းကျင် ထိခိုက် သေဆုံးခဲ့ပြီး အပြစ်မဲ့ပြည်သူများကိုလည်း PDF ဟု စွပ်စွဲ၍ ညှင်းပန်းနှိပ်စက် ဖမ်းဆီး ခြင်းများ ပြုလုပ်လျက်ရှိကြောင်း မုံရွာဒေသခံများထံက သိရသည်။

“စစ်ကောင်စီက ကျွန်တော်တို့ စစ်ကိုင်းခရိုင်အတွင်းမှာတော့ ဘာမှလုပ်လို့မရပါဘူး။ သူတို့တပ်တွင်းမှာ သူတို့ဘာသာ စိုက်ပျိုးရေးလုပ်တာတော့ ဟုတ်ချင်ဟုတ်မှာပါ။ စိုက်ပျိုးရေးပိုင်းမှာလဲ သူတို့(စကစ) ပြည်သူတွေကို ကူညီတာ၊ ပံ့ပိုးတာမျိုး တစ်ကယ် လုပ်မလုပ်ဆိုတာကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးပြီး ရွာစဥ်ပတ်မီးရှို့နေတာတွေ ကြည့်တာနဲ့သိနိုင်ပါတယ်။ ဒီနေ့ပဲ သူတို့ (စကစ) မီးရှို့လို့ ဒုက္ခရောက်နေတဲ့ ရွာတွေကို လိုက်ပြီးကူညီနေတာပါ” ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ -CDSOM တာဝန်ခံ ကိုနွေဦး-မြောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူ သောင်းဂဏန်းအထိရှိနေပြီး မတ်လ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် စစ်ကောင်စီတပ်များ ရေစကြိုမြို့နယ်သို့ ဝင်ရောက်လာသဖြင့် ဒေသခံပြည်သူ ထောင်ဂဏန်းခန့် မြောင်မြို့နယ်အတွင်း စစ်ရှောင် ခဲ့ရကြောင်း ကိုနွေဦးက ဆိုသည်။

#စစ်ကိုင်းတိုင်း #မုံရွာ #စစ်ကောင်စီ #စစ်ကြောင်းထိုး #ဒေသဖွံ့ဖြိုးရေးလုပ်ငန်း #ကွင်းဆင်းဆောင်ရွက် #ဝါဒဖြန့် #Ayeyarwaddy_Times