ဧရာဝတီတိုင်းမ်
မတ်လ ၂၀ ရက်
ဧရာဝတီတိုင်း လပွတ္တာမြို့နယ် ကိုင်းသောင် ကျေးရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် စစ်တပ်ကို ကမ်းနီး ငါးဖမ်း စက်လှေငယ်များ ၁ စီးလျှင် ဆက်ကြေး ကျပ် ၁ သိန်း ပေးဆောင်နေရကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်မှာ အသစ်ခန့်အပ်လိုက်သည့် အုပ်ချုပ်ရေးမှူး ဖြစ်ပြီး စစ်ကောင်စီ တပ်များနှင့်အတူ ကမ်းနီး ငါးဖမ်းစက်လှေငယ်များကို ဆက်ကြေး ကျပ် ၁ သိန်း တောင်းယူကာ စစ်ကောင်စီ တပ်သား များ၏ ဇနီးမယားများ စားရန် ငါး၊ ငါးခြောက်၊ ပုစွန်များ ပေးဆောင်နေရကြောင်းလည်း ဒေသခံများက ပြောသည်။
ကိုင်းသောင် ဒေသခံ တစ်ဦးက“အုပ်ချုပ်ရေးမှူးနဲ့ စစ်တပ်က ရွာအဝင်မှာ စခန်းချပြီး (ရေကင်း) ပင်လယ် အဝင်အထွက်မှာ လက်မှတ် ထိုးခိုင်းရင်း ငါး၊ ငါးခြောက်၊ ပုစွန်တွေကို တောင်းယူပြီး စစ်တပ်ထဲက လူတွေရဲ့ သားမယားတွေ စားဖို့ အမြဲ တောင်းတယ်။ အခုက တပိုင်တနိုင် စက်လှေ အသေးလေးတွေက ၁ စီးကို ၁ သိန်း ပေးရတယ်။ အရင် ခေတ်က ဆက်ကြေးပေးရတာမျိုး မရှိဘူး။ အခု စစ်တပ် အုပ်ချုပ်မှ ပေးနေရတာ”ဟု ဧရာဝတီတိုင်းမ်ကို ပြောပြသည်။
ယခင် အရပ်သားအစိုးရ NLD လက်ထက်တွင် ကမ်းဝေး ငါးဖမ်းစက်လှေများသာ အခွန် ပေးဆောင်ရသော်လည်း ယခု စစ်ကောင်စီ လက်ထက်တွင် ကမ်းဝေး ငါးဖမ်း စက်လှေများအပြင် ကမ်းနီး ငါးဖမ်းစက်လှေများပါ ၁ စီးကို ကျပ် ၁ သိန်း ပေးနေရကြောင်း၊ လပွတ္တာမြို့နယ် အတွင်း ကမ်းနီး ငါးဖမ်းစက်လှေ ၁၀၀ ဝန်းကျင် ရှိကြောင်းလည်း ဒေသခံများက ပြောသည်။
ထို့ပြင် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း စက်လှေများမှ ရေလုပ်သားများ ရာသီဥတု အခြေအနေအရ ကုန်းပေါ်တက်၍ ညအိပ် တည်းခိုလျှင်လည်း စစ်တပ် ရေကင်းမှာ ဧည့်စာရင်း ထောက်ခံစာ အတွက် ကျပ် ၁၀၀၀၀ ဝန်းကျင်အထိ ပေးဆောင် ရကြောင်းလည်း ဒေသခံများက ဆက်လက် ပြောဆိုသည်။
#လပွတ္တာ #ကမ်းနီးငါးဖမ်းစက်လှေငယ်များ #ဆပ်ကြေး #ငါး #ငါးခြောက်#ပုဇွန် #စစ်ကောင်စီတပ်သား
#Ayeyarwaddy_Times
………………………………………………………
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။